Logo
Monday, November 9, 2026
Back to Home
International News

ခင်ပွန်းဖြစ်သူ ပွေ့ဖက်မှုကြောင့် နံရိုး ၅ ချောင်းကျိုးခဲ့သည့် တရုတ်အမျိုးသမီး

By Admin•October 23, 2026
ခင်ပွန်းဖြစ်သူ ပွေ့ဖက်မှုကြောင့် နံရိုး ၅ ချောင်းကျိုးခဲ့သည့် တရုတ်အမျိုးသမီး

တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ ပုံမှန်ပွေ့ဖက်မှုကြောင့် နံရိုး ၅ ချောင်းကျိုးပြီး နောက်ထပ်နံရိုးတစ်ချောင်းတွင် အက်ကြောင်းဖြစ်ခဲ့ကြောင်း စင်ကာပူအခြေစိုက် Mothership သတင်းမီဒီယာက ဖော်ပြသည်။

သတင်းအရ အမျိုးသမီးက အေးနေကြောင်း ပြောသဖြင့် ခင်ပွန်းဖြစ်သူ မစ္စတာဝမ်က ပွေ့ဖက်ပေးခဲ့ရာ အရိုးကျိုးသကဲ့သို့ အသံကြားခဲ့ရပြီး ဇနီးဖြစ်သူမှာ နာကျင်မှုကြောင့် လဲကျသွားခဲ့သည်။ ဆေးရုံတွင် CT scan ရိုက်စစ်ဆေးရာ နံရိုး ၅ ချောင်းကျိုးပြီး နောက်ထပ်တစ်ချောင်းတွင် အက်ကြောင်းဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

ဆရာဝန်များက အမျိုးသမီးတွင် အရိုးပွရောဂါ ပြင်းထန်နေခြင်းကြောင့် ပုံမှန်ဖိအားအနည်းငယ်ဖြင့်ပင် အရိုးကျိုးနိုင်ကြောင်း ရှင်းပြခဲ့ပြီး ခွဲစိတ်ရန်မလိုဘဲ ဆေးဝါးများဖြင့် ကုသကာ အနားယူရန် ညွှန်ကြားခဲ့သည်။

ခင်ပွန်းဖြစ်သူ၏ ပြောကြားချက်အရ ဇနီးသည် ကိုယ်အလေးချိန် ၄၅ မှ ၅၀ ကီလိုဂရမ်ခန့်သာရှိပြီး အစားအသောက်ကို တင်းကျပ်စွာ ထိန်းချုပ်ကာ ညစာမကြာခဏ ရှောင်လေ့ရှိသည်။ ထို့ပြင် နေ့စဉ်ကော်ဖီသောက်သော်လည်း အပြင်ထွက်လေ့နည်းပါးပြီး နေရောင်ခြည်နှင့် ထိတွေ့မှုကိုလည်း ရှောင်ရှားလေ့ရှိသည်။

ဆရာဝန်များက နေရောင်ခြည်မရရှိခြင်းကြောင့် ဗီတာမင်ဒီ လျော့နည်းနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူမှုနှင့် အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ရှင်းပြခဲ့သည်။

လက်ရှိတွင် အမျိုးသမီးသည် အိမ်၌ အနားယူကာ ပြန်လည်ကျန်းမာလာစေရန် ကြိုးပမ်းနေပြီး နေရောင်ခြည်နှင့် ပိုမိုထိတွေ့ခြင်း၊ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိခြင်းတို့ကို အလေးထားလုပ်ဆောင်နေကြောင်း သိရသည်။

#သုတမြေ #သတင်းထူးသတင်းဦး #တရုတ် #အရိုးကျိုး #ပွေ့ဖက် #ကျန်းမာရေး