Logo
Monday, November 9, 2026
Back to Home
Local News

လွမ်းလို့ သေသွားတဲ့ သစ်ပင်” မှ “သုည” အထိ လက်ရာရှင် မင်းခိုက်စိုးစန် ကွယ်လွန်

By Admin•June 20, 2026
လွမ်းလို့ သေသွားတဲ့ သစ်ပင်” မှ “သုည” အထိ လက်ရာရှင် မင်းခိုက်စိုးစန် ကွယ်လွန်
726440524_1544112823766254_8783965561302426834_n

မြန်မာစာပေလောကနှင့် ရုပ်ရှင်လောကတွင် ထင်ရှားကျော်ကြားခဲ့သည့် စာရေးဆရာ၊ ဇာတ်ညွှန်းဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန် (အမည်ရင်း – ကျော်စိုး) သည် အသည်းကင်ဆာရောဂါဖြင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

သတင်းများအရ မင်းခိုက်စိုးစန်သည် ဆန်ဖရန်စ္စကိုဒေသစံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး မြန်မာစံတော်ချိန်အရ ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

မိသားစုနှင့် ရင်းနှီးသူတစ်ဦးက “ဆရာဆုံးသွားတာ မှန်ပါတယ်။ အရမ်းစောလွန်းတယ်။ လုပ်စရာအလုပ်တွေ အများကြီးကျန်သေးတဲ့အရွယ်ပါ။ မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်” ဟု ပြောကြားထားသည်။

မင်းခိုက်စိုးစန်သည် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ဆေးပညာဘွဲ့ (M.B.B.S.) ရရှိထားသူဖြစ်သည်။ စာပေလောကတွင် “မင်းခိုက်စိုးစန်” အပြင် “သတိုးတေဇ” နှင့် “ဇော်နိုင်ငံစိုး” ကလောင်အမည်များဖြင့်လည်း စာပေမျိုးစုံ ရေးသားထုတ်ဝေခဲ့သည်။

၎င်း၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ “လွမ်းလို့ သေသွားတဲ့ သစ်ပင်” ဖြစ်ပြီး၊ “သုည” ဝတ္ထုဖြင့် လူငယ်စာဖတ်ပရိသတ်အကြား အထူးရေပန်းစားခဲ့သည်။ ထို့အပြင် “ကောင်းကင်နဲ့ မလွတ်တဲ့တောင်ပံတစ်စုံ”၊ “ကျွန်တော်နှင့် အလင်းမျှော်စင်”၊ “မင်းသားကြီး”၊ “ကျွန်တော့်ကို အမေသတ်ခဲ့တယ်”၊ “သမီးပြည့်တန်ဆာ”၊ “ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက်ရေးသားပါ” စသည့် လက်ရာများကိုလည်း ဖန်တီးခဲ့သည်။

သတိုးတေဇ ကလောင်အမည်ဖြင့် စိတ်ကူးယဉ်နှင့် သရဲဝတ္ထုများ၊ ဇော်နိုင်ငံစိုးအမည်ဖြင့် စုံထောက်ဝတ္ထုများကို ရေးသားခဲ့သကဲ့သို့ နာမည်ကျော် Harry Potter ဝတ္ထုအချို့ကိုလည်း မြန်မာဘာသာသို့ ဘာသာပြန်ဆိုခဲ့သူဖြစ်သည်။

စာပေလောကသာမက ရုပ်ရှင်နှင့် ရုပ်သံလောကတွင်လည်း ဇာတ်ညွှန်းရေးသားခြင်း၊ ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး Puzzle Palace အစီအစဉ်ကို ၁၂ နှစ်ကြာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် “ပန်းနှစ်ပွင့်စီးချင်း” နှင့် “Hospital Diary” ရုပ်သံဇာတ်လမ်းတွဲများကိုလည်း ရိုက်ကူးခဲ့သည်။

စာပေဆိုင်ရာ အောင်မြင်မှုများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် “ဂျစ်ကန်ကန်” ဝတ္ထုတိုစုစည်းမှုဖြင့် စာပေဆုရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် S.E.A. Write Award ကိုလည်း ရရှိခဲ့သည်။

မင်းခိုက်စိုးစန် ကွယ်လွန်သွားခြင်းအပေါ် စာပေလောကအသိုင်းအဝိုင်း၊ မိတ်ဆွေများနှင့် စာဖတ်ပရိသတ်များက ဝမ်းနည်းကြောင်း မှတ်ချက်များနှင့် အမှတ်တရများ မျှဝေလျက်ရှိကြသည်။

#မင်းခိုက်စိုးစန် #စာရေးဆရာ #မှတ်တမ်း #သတင်းထူးသတင်းဦး #သုတမြေ

See less