ထရမ့်၏ ထောက်ခံမှုနှုန်း ၃၆ ရာခိုင်နှုန်းအထိ ကျဆင်း၊ ဒီမိုကရက်တစ်ပါတီကို မဲပေးလိုသူများ ပိုများလာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူထုထောက်ခံမှုနှုန်းသည် စံချိန်တင်အနိမ့်ဆုံးသို့ ရောက်ရှိလာပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများကို ပိုမိုထောက်ခံလိုသည့် မဲဆန္ဒရှင်များပြားလာကြောင်း The New York Times နှင့် Siena University တို့၏ စစ်တမ်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မဲပေးရန် အလားအလာရှိသူများ၏ ၃၆ ရာခိုင်နှုန်းကသာ ထရမ့်၏ လုပ်ဆောင်ချက်များကို ထောက်ခံကြပြီး ၅၉ ရာခိုင်နှုန်းက ကန့်ကွက်ထားသည်။ ယင်းသည် အဆိုပါအဖွဲ့အစည်းများ၏ စစ်တမ်းမှတ်တမ်းများအတွင်း ထရမ့်အတွက် အနိမ့်ဆုံးထောက်ခံမှုနှုန်းဖြစ်သည်။
ထရမ့်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု၊ အီရန်နှင့် စစ်ပွဲဖြစ်ပွားနေမှု၊ ဓာတ်ဆီဈေးနှုန်းမြင့်တက်မှုတို့အပေါ် မကျေနပ်ချက်များက ထောက်ခံမှုကျဆင်းလာခြင်းနှင့် ဆက်စပ်နေသည်။ စစ်တမ်းဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက နေထိုင်မှုစရိတ်မြင့်တက်မှုကို ကိုင်တွယ်ပုံအပေါ် ကန့်ကွက်ခဲ့ပြီး ၆၅ ရာခိုင်နှုန်းက အီရန်စစ်ပွဲကို ကိုင်တွယ်ပုံအပေါ် သဘောမတူကြောင်း ဖြေဆိုခဲ့သည်။ ဓာတ်ဆီဈေးနှုန်းကို ကိုင်တွယ်ပုံအပေါ် ကန့်ကွက်သူမှာလည်း လေးပုံသုံးပုံနီးပါးရှိသည်။
ထို့အပြင် အမေရိကန်နိုင်ငံသား လေးပုံသုံးပုံခန့်က နိုင်ငံ၏ စီးပွားရေးအခြေအနေကို သင့်တင့်ရုံ သို့မဟုတ် ညံ့ဖျင်းသည်ဟု သတ်မှတ်ခဲ့ကြသည်။
လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးလိုသည့် ပါတီကို မေးမြန်းရာတွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများက ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းများထက် ၁၁ ရာခိုင်နှုန်း အသာရခဲ့သည်။ ယင်းရလဒ်သည် ပြီးခဲ့သည့်လ စစ်တမ်းထက် ဒီမိုကရက်တစ်ပါတီအတွက် အနည်းငယ် တိုးတက်လာခြင်းဖြစ်သည်။
အလားတူ Reuters နှင့် Ipsos တို့ ပူးတွဲပြုလုပ်သည့် စစ်တမ်းတွင်လည်း ထရမ့်၏ ထောက်ခံမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းနှုန်းသည် ၎င်း၏ သမ္မတသက်တမ်းနှစ်ခုအတွင်း မှတ်တမ်းတင်ခဲ့သည့် အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အထက်လွှတ်တော်တွင် အများစုနေရာရရှိရန် ဒီမိုကရက်တစ်ပါတီအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရခဲ့သည့် တက္ကဆက်၊ အိုင်အိုဝါ၊ အလက်စကာနှင့် အိုဟိုင်းယိုးပြည်နယ်တို့တွင် ရီပတ်ဘလစ်ကန်ပါတီ၏ အထက်လွှတ်တော်နေရာများကို ရယူနိုင်ရန် ကြိုးပမ်းနေရပြီး အဓိကပြည်နယ်အချို့တွင် နှစ်ပါတီကြား ယှဉ်ပြိုင်မှုမှာလည်း နီးစပ်နေကြောင်း စစ်တမ်းများက ဖော်ပြထားသည်။
Reuters
