မကွေးတွင် အပူချိန်မြင့်တက်မှုကြောင့် (၂၄) နာရီအတွင်း သက်ကြီးပိုင်းနှစ်ဦး အသက်ဆုံးရှုံးခဲ့

မကွေးတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းအတွင်း အပူချိန်မှာ အဆမတန်မြင့်တက်လျက်ရှိရာ အဆိုပါ အပူရှိန်ဒဏ်ကြောင့် (၂၄) နာရီအတွင်း သက်ကြီးပိုင်းလူကြီးနှစ်ဦး ဦးနှောက်သွေးကြောပြတ်ကာ အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦးမှာလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရှိခဲ့ရပါတယ်။
ဧပြီလ (၁၉) ရက်နေ့က ရေနံချောင်းမြို့တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ပြင်းထန်သော အပူရှိန်ဒဏ်ကြောင့် မူးလဲကျသွားခဲ့သဖြင့် ဒေသတွင်း လူမှုကူညီရေးအသင်းများက မကွေးဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံသို့အရောက်တွင် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်၊ အလားတူ မကွေးမြို့ပေါ်တွင်လည်း အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် သတိလစ်လဲကျသွားခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ကုသခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ထို့အပြင် ဧပြီလ (၂၀) ရက်နေ့တွင်လည်း ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ အသက် (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အပူချိန်မြင့်တက်မှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဦးနှောက်သွေးကြောပြတ်ကာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း လူမှုကူညီရေးအသင်းများ၏ မှတ်တမ်းများအရ ထပ်မံအတည်ပြုခဲ့ပါတယ်
လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း နေ့အပူချိန်များမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ပိုမိုများပြားလျက်ရှိပါတယ်၊ ကျန်းမာရေးပညာရှင်များက အပူရှိန်ပြင်းထန်သည့်အချိန်တွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်၊ ရေဓာတ်ပြည့်ဝစွာ သောက်သုံးရန်နှင့် အပူလျှပ်ခြင်း၏ လက္ခဏာများ ခံစားလာရပါက အမြန်ဆုံး ဆေးကုသမှုခံယူရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒေသတွင်း လူမှုကူညီရေးအသင်းများအနေဖြင့်လည်း အပူဒဏ်ကြောင့် ထိခိုက်မှုများရှိပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရန်အတွက် အသင့်ပြင်ဆင်ထားလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အထူးဂရုပြုကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရှိရပါတယ်။

