မုန်တိုင်း “အာနာဘ်” ကြောင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသများ၌ လှိုင်း ၁၀ ပေအထိ မြင့်တက်နိုင်
ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) ၏ အရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အောက်တိုဘာ ၂၉ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရွေ့လျားလာသော အားကောင်းသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” အဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မုန်တိုင်းသည် ကိုကိုးကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားမှာ ၁၀၀၀ ဟက်တိုပါစကယ်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ ရှိကြောင်း သိရသည်။
လက်ရှိအခြေအနေအရ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်။
မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၇ ရက်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့နောက် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ပြည်နယ်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး အချို့နေရာများ၌ မိုးကြီးနိုင်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်သည်။ အဆိုပါဒေသများတွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း သတိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများ၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် တိုက်တွန်းထားသည်။
အလားတူ ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
မိုးဇလ
