Logo
Thursday, May 14, 2026
Back to Home
International News

ကလေးများအပေါ် အကြ မ်းဖက်သည့် ဗီဒီယိုပျံ့နှံ့လာမှုကြောင့် တာဝန်ရှိသူများ ဝင်ရောက်စီးနင်းခဲ့

By AdminApril 30, 2026
ကလေးများအပေါ် အကြ မ်းဖက်သည့် ဗီဒီယိုပျံ့နှံ့လာမှုကြောင့် တာဝန်ရှိသူများ ဝင်ရောက်စီးနင်းခဲ့

အင်ဒိုနီးရှားနိုင်ငံ ယုဂ်ယကာတာ မြို့ရှိ ကလေးထိန်းကျောင်းတစ်ခုအတွင်း ကလေးများအပေါ် အနိုင်ကျင့်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က လူပေါင်း ၃၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့ကာ သံသယရှိသူ ၁၃ ဦးကို တရားဝင် သတ်မှတ်ဖမ်းဆီးထားသည်။
အဆိုပါဖြစ်ရပ်သည် ကလေးများအား အနိုင်ကျင့်နေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့လာမှုကြောင့် ပိုမိုထင်ရှားလာခဲ့ခြင်းဖြစ်ပြီး၊ ယခင်ဝန်ထမ်းတစ်ဦးမှ ကလေးများသည် လူမဆန်သည့် ဆက်ဆံမှုများ ခံစားနေရကြောင်း ရဲထံ တိုင်ကြားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော သောကြာနေ့၊ ဧပြီလ ၂၄ ရက်တွင် Little Aresha daycare center ကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီး၊ လက်ရှိတွင် စင်တာအား အာဏာပိုင်များက ပိတ်သိမ်းကာ တံဆိပ်ခတ်ထားသည်။ သံသယရှိသူများတွင် စင်တာကို လည်ပတ်သည့် ဖောင်ဒေးရှင်း ဦးဆောင်သူနှင့် ဝန်ထမ်းအချို့ ပါဝင်ပြီး ၎င်းတို့အား ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Chief Commissioner Ihsan က ပြောကြားသည်။
အစောပိုင်း စစ်ဆေးချက်များအရ ကလေး ၅၃ ဦးအထိ ထိခိုက်နစ်နာမှု ခံစားခဲ့ရကြောင်း တွေ့ရှိထားပြီး၊ အများစုမှာ အသက် ၂ နှစ်ခန့်သာရှိကြသည်။ အချို့ကိစ္စများတွင် ကလေးများကို အိပ်နေစဉ် လက်ခြေချည်နှောင်ထားကြောင်းလည်း စွပ်စွဲထားသည်။ စင်တာပိတ်သိမ်းမီကာလတွင် ကလေး ၁၀၃ ဦးအထိ ထိန်းသိမ်းစောင့်ရှောက်ပေးနေခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး သံသယရှိသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်းလည်း ပြောကြားထားသည်။ ကလေးများအပေါ် အကြမ်းဖက်မှုအပေါ် မည်သည့်အခါမျှ ခွင့်လွှတ်မှု မရှိသင့်ကြောင်း၊ ယခုဖြစ်ရပ်အား ဥပဒေလမ်းကြောင်းအရ အပြည့်အဝ ဖြေရှင်းရမည်ဟု ဆိုသည်။ စုံစမ်းစစ်ဆေးသူများအနေဖြင့် ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို ဖော်ထုတ်ရန် တိုက်တွန်းထားပြီး၊ အဓိက စီမံညွှန်ကြားသူများနှင့် ပြစ်မှုကျူးလွန်သူများအား ပြင်းထန်သော အရေးယူမှု ခံယူစေရမည်ဟုလည်း ပြောကြားခဲ့သည်။