ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၈ လကြာ ထောင်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်

Thaksin Shinawatra သည် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရမှုအနက် ၈ လကြာ ကျခံပြီးနောက် ယမန်နေ့ မေလ ၁၁ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Klong Prem Central Prison မှ ကတိခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
အသက် ၇၆ နှစ်အရွယ် သက်ဆင်ကို မိသားစုဝင်များနှင့် ၎င်းအား ထောက်ခံသည့် ရှပ်နီလှုပ်ရှားမှု အင်အားစုဝင်များ ရာနှင့်ချီက အကျဉ်းထောင်ရှေ့တွင် စုရုံးကြိုဆိုခဲ့ကြသည်။ အကျဉ်းထောင်ဂိတ်မှ ထွက်လာစဉ် သမီးဖြစ်သူ Paetongtarn Shinawatra က အရင်ဆုံး ပွေ့ဖက်ကြိုဆိုခဲ့ပြီး၊ သက်ဆင်ကလည်း ထောက်ခံသူများကို ပြုံးပြနှုတ်ဆက်ခဲ့သည်။
သက်ဆင်သည် အဖြူရောင်ပိုလိုရှပ်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီ ဝတ်ဆင်ထားပြီး လက်ကျန်ပြစ်ဒဏ်ကာလအတွင်း အီလက်ထရောနစ်ခြေရာခံကိရိယာ (EM Bracelet) ကို စက်တင်ဘာ ၉ ရက်အထိ ဆက်လက်တပ်ဆင်ထားရမည်ဖြစ်ကြောင်း သိရသည်။
သက်ဆင်သည် အာဏာအလွဲသုံးစားလုပ်မှုနှင့် ဆက်စပ်သည့် အမှုများကြောင့် ၂၀၂၃ ခုနှစ်တွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း Maha Vajiralongkorn ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးအခြေအနေကြောင့် ရဲဆေးရုံတွင် နေထိုင်ကုသမှုခံယူခဲ့သော်လည်း၊ ထိုကာလကို ထောင်ဒဏ်ကျခံချိန်အဖြစ် မသတ်မှတ်နိုင်ကြောင်း ထိုင်းတရားရုံးချုပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့ရာ သက်ဆင်အား အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် ပြစ်ဒဏ်ကို ဆက်လက်ကျခံခဲ့ရသည်။
သက်ဆင် တည်ထောင်ခဲ့သည့် Pheu Thai Party သည် ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တတိယနေရာသာ ရရှိခဲ့သော်လည်း လက်ရှိ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဆက်လက်ပါဝင်လျက်ရှိကြောင်း သိရသည်။ See less
