ချီလီ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ မီးလောင်မှု လူ ၁၆ ဦး သေဆုံး
ချီလီနိုင်ငံ တောင်ပိုင်း အာရာအူကာနီးယားဒေသ၊ ပီထရုဖ်ကန်မြို့ရှိ El Edén ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက်ကြီးသူ ၁၆ ဦး သေဆုံးပြီး ၁၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကာ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။
မီးလောင်မှုဟာ သောကြာနေ့ည ၁၀ နာရီခွဲခန့်မှာ စတင်ဖြစ်ပွားခဲ့ပြီး စနေနေ့မနက်ပိုင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဆိုပါစောင့်ရှောက်ရေးဂေဟာဟာ မြို့တော် ဆန်တီယာဂိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၆၄၀ ခန့်အကွာမှာ တည်ရှိပါတယ်။
အဆိုပါဂေဟာမှာ ဘိုးဘွား ၂၆ ဦး နေထိုင်ခဲ့ကြပြီး ၁၆ ဦး သေဆုံးကာ ကျန် ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်အထိ အတိအကျ မသိရသေးဘဲ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် မီးသတ်သမားတွေဟာ ပြိုကျသွားတဲ့ သွပ်မိုးအပိုင်းအစတွေနဲ့ အပျက်အစီးတွေကို ဆက်လက်ရှင်းလင်းခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း အန္တရာယ်ကင်းရှင်းရေးအတွက် အခင်းဖြစ်နေရာကို ပိတ်ဆို့ထားပါတယ်။
ချီလီသမ္မတ José Antonio Kast က အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းပြောကြားခဲ့သလို နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေရဲ့ အခြေအနေတွေကို ပြန်လည်စစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
သမ္မတက မီးလောင်မှုဖြစ်စဉ်မှာ ကြီးကြပ်မှုနဲ့ ကြိုတင်ကာကွယ်ရေးပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိ၊ မရှိ၊ အန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိနဲ့ ထိုသတိပေးချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲဆိုတာကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
BBC news
