ဘန်ကောက်ရေကြီးလမ်းမပေါ် ဂျက်စကီးစီးသူ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ New Phetchaburi Road ရေကြီးနေသည့် လမ်းမပေါ်တွင် ဂျက်စကီးစီးကာ အရှိန်ဖြင့် လှည့်ပတ်မောင်းနှင်ခဲ့သူ အမျိုးသားတစ်ဦးကို Makkasan ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမှုဖြင့် အရေးယူထားသည်။ ၎င်းကို စက်တင်ဘာ ၂၈ ရက်တွင် တရားရုံးသို့ ခေါ်ဆောင်ရန် စီစဉ်ထားသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုများအရ ဂျက်စကီးမောင်းနှင်ရာမှ ရေများသည် နေအိမ်များ၊ လမ်းလျှောက်လမ်းများနှင့် လမ်းဘေးအဆောက်အအုံများဘက်သို့ ပက်လွှင့်ခဲ့သည်။ ဒေသခံများ၏ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသော်လည်း ပျက်စီးမှုအတိုင်းအတာကိုမူ မသိရသေးပေ။
ဂျက်စကီးစီးသူက ၎င်း၏ Facebook တွင် “B K K D R I F T” ဟူသော စာသားဖြင့် ဗီဒီယိုတင်ခဲ့သည်။ ရဲတပ်ဖွဲ့၏ မေးမြန်းချက်တွင် ယင်းလုပ်ရပ်နှင့်ပတ်သက်သည့် ယဉ်ကျေးမှုဆိုင်ရာ သတိပြုရမည့်အချက်များကို မသိရှိခဲ့ကြောင်း၊ နိုင်ငံခြားသားမိတ်ဆွေတစ်ဦး၏ အားပေးမှုကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့က ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ဂျက်စကီးကိုလည်း တရားရုံးမှ သိမ်းဆည်းပေးရန် တောင်းဆိုသွားမည်ဟု သိရသည်။ သို့သော် လက်ရှိတွင် သိမ်းဆည်းရန် အမိန့်ချမှတ်ထားခြင်း မရှိသေးပေ။
