ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွား၊ လူတစ်ဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာရ
ဂျပန်နိုင်ငံအလယ်ပိုင်း တိုကိုင်းဒေသတွင် စက်တင်ဘာ ၉ ရက်က စံချိန်တင်မိုးရေချိန်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှုတစ်ခုကြောင့် လူတစ်ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောပါတယ်။
နာဂိုယာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ပြီး ခရီးသည်များနှင့် ကျောင်းသားများ အိမ်မပြန်နိုင်ဘဲ ညအိပ်ခဲ့ရပါတယ်။ စက်တင်ဘာ ၉ ရက်အထိ လူ ၃,၅၀၀ ခန့်က ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရပြီး ယာဉ်အစီးရေ ၂၀၀ ခန့် ရေလွှမ်းခံခဲ့ရပါတယ်။
နာဂိုယာမြို့တွင် မွန်းလွဲ ၁ နာရီအထိ လူ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရှီဇူအိုကာခရိုင် ကာဝါနီဟွန်ချိုမြို့မှာလည်း တောင်စောင်းကို ခိုင်ခံ့အောင်လုပ်နေစဉ် မြေပြိုမှုအတွင်း ပိတ်မိခဲ့တဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
မီအဲခရိုင် ကူဝါနာမြို့မှာ အသက် ၆၀ ကျော်အမျိုးသားတစ်ဦးက မိုးရွာသွန်းမှုအခြေအနေကို သွားရောက်စစ်ဆေးစဉ် လဲကျကာ အရိုးကျိုးဒဏ်ရာရရှိခဲ့ပါတယ်။
နာဂိုယာဘူတာအနီးမှာလည်း အိမ်မပြန်နိုင်ဘဲ တစ်ညလုံးနေရသူများ အလုပ်သွားရန် ထွက်ခွာခဲ့ကြပါတယ်။ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူငယ်ချင်းတစ်ဦးနဲ့ ဘူတာအနီး Karaoke ဆိုင်မှာ ညအိပ်ခဲ့ရပြီး “ရုံးကို တိုက်ရိုက်သွားမယ်” လို့ ပြောပါတယ်။
မြို့အတွင်း စျေးဝယ်လမ်းတစ်လျှောက်ရှိ ဆိုင်ဝန်ထမ်းတွေကလည်း ဆိုင်အတွင်း ဝင်ရောက်လာတဲ့ ရေတွေကို ကြမ်းတိုက်ကိရိယာများနဲ့ ဖယ်ရှားခဲ့ကြပါတယ်။
ဂျပန်မိုးလေဝသဌာနက အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသအများအပြားမှာ စက်တင်ဘာ ၁၀ ရက်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တာကြောင့် မြေပြိုမှု၊ ရေကြီးမှုနဲ့ မြစ်ရေမြင့်တက်မှုတွေကို သတိပြုကြဖို့ သတိပေးထားပါတယ်။
တိုကိုင်းဒေသအပါအဝင် မိုးသည်းထန်စွာရွာသွန်းထားပြီး မြေသားများပျော့လာတဲ့ နေရာတွေမှာ မိုးအနည်းငယ်ထပ်ရွာရုံနဲ့ပင် ဘေးအန္တရာယ် ပိုမိုမြင့်တက်နိုင်ကြောင်းလည်း မိုးလေဝသဌာနက ဆိုပါတယ်။
စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီအထိ ၂၄ နာရီအတွင်း တိုကိုင်းနဲ့ ကန်တို-ကိုရှင်ဒေသတွေမှာ မိုးရေချိန် ၁၀၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Japan Wire by Kyodo News
