Logo
Sunday, November 8, 2026
Back to Home
Local News

မုံရွာတွင် ကျောင်းသံတံခါးပိသည့် (၉)တန်းကျောင်းသား အရေးပေါ်ကုသမှုခံယူနေရ

By Admin•July 1, 2026

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် (၉)တန်းကျောင်းသားတစ်ဦးမှာ လက်ရှိတွင် ဆေးရုံ၌ ဆက်လက်ကုသမှုခံယူနေရပြီး ကိုယ်တိုင်လမ်းလျှောက်နိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

မိသားစုဘက်၏ ပြောကြားချက်အရ ကျောင်းသားတွင် မျက်နှာရိုးနှင့် မေးရိုးထိခိုက်မှု၊ သွားများပျက်စီးမှု၊ ဆီးခုံရိုးထိခိုက်မှု၊ ဦးခေါင်းနောက်ပိုင်းရောင်ရမ်းနာကျင်မှုနှင့် အမြင်ဝေဝါးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး (၉)တန်းကျောင်းသား မောင်စွမ်းထက်နိုင်သည် ကျောင်းတက်ရန် ရောက်ရှိလာစဉ် ကျောင်းဝင်းရှိ သံတံခါးပိတ်နေချိန် မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း မိသားစုဘက်မှ ဆိုထားသည်။

ကျောင်းသား၏ မိခင်က ကျောင်းသားများသည် စာသင်ယူရန် ကျောင်းတက်လာခြင်းဖြစ်ပြီး ကျောင်းသံတံခါး အဖွင့်အပိတ်ကဲ့သို့သော လုပ်ငန်းတာဝန်များမှာ ကျောင်းသားများ၏ တာဝန်မဟုတ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုသူများနှင့် ဒေသခံအချို့က ဖြစ်ရပ်အပေါ် တာဝန်ရှိမှုများကို စိစစ်ဆောင်ရွက်ပေးရန်နှင့် ကျောင်းဘက်မှ ရှင်းလင်းချက်ထုတ်ပြန်ပေးရန် တောင်းဆိုနေကြသည်။

လက်ရှိအချိန်အထိ သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ ဖြစ်စဉ်နှင့်ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက် မတွေ့ရသေးကြောင်း သိရသည်။

ပုံ - ကျောင်းသားမိခင်၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ

#ကျောင်း #သတင်း #သုတမြေ

See less