Logo
Sunday, November 8, 2026
Back to Home
Health

ရုရှားနိုင်ငံ အီရက်စ်ကတ်တွင် ပလိပ်ရောဂါဖြင့် ဓာတ်ခွဲခန်းဝန်ထမ်း သေဆုံး

By Admin•October 6, 2026
ရုရှားနိုင်ငံ အီရက်စ်ကတ်တွင် ပလိပ်ရောဂါဖြင့် ဓာတ်ခွဲခန်းဝန်ထမ်း သေဆုံး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ အီရက်စ်ကတ်ပြည်နယ်တွင် ပလိပ်ရောဂါဖြင့် ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် လူပေါင်း ၂၀၀ နီးပါးကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်တွင် ထားရှိထားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် အီရက်စ်ကတ်မြို့ရှိ ပလိပ်ရောဂါတိုက်ဖျက်ရေးဌာနတွင် အလုပ်လုပ်သူ အသက် ၂၇ နှစ် သို့မဟုတ် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။

သတင်းများအရ သူမသည် ဓာတ်ခွဲခန်းတွင် ရောဂါစမ်းသပ်ရန် နမူနာများ စုဆောင်းနေစဉ် အသက်ရှင်နေသည့် ပလိပ်ရောဂါပိုးများ ပါဝင်သော စမ်းသပ်ပြွန်တစ်ခု မတော်တဆ ကျိုးပေါက်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ပြောကြားခဲ့သည်ဟု ဆိုသည်။

835305666_1640950364087014_6918696441955602875_n

ထို့နောက် ပြင်းထန်သော အဆုတ်ရောင်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသဖြင့် အီရက်စ်ကတ်မြို့အနီး ရှီလက်ခော့ဗ်မြို့ရှိ ဆေးရုံသို့ အင်္ဂါနေ့တွင် တက်ရောက်ကုသခဲ့ရသည်။ အခြေအနေပြင်းထန်သဖြင့် အသက်ရှူစက်တပ်၍ ကုသခဲ့သော်လည်း ကြာသပတေးနေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဘူရီးယားတီးယားသမ္မတနိုင်ငံ အကြီးအကဲ အလက်ဆီ တစ်ဒင်နော့ဗ်က အမျိုးသမီး၏ သေဆုံးမှုသည် ပလိပ်ရောဂါကြောင့်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော် အီရက်စ်ကတ်ဒေသအာဏာပိုင်များက အစောပိုင်းတွင် ရောဂါကို “အထူးအန္တရာယ်ရှိသော ကူးစက်ရောဂါ” ဟုသာ ဖော်ပြထားခဲ့သည်။

တစ်ဒင်နော့ဗ်၏ ပြောကြားချက်အရ သေဆုံးသူသည် ဘူရီးယားတီးယားသို့ သွားရောက်ခဲ့ခြင်းမရှိသဖြင့် အဆိုပါရောဂါကူးစက်မှုမှာ ဘူရီးယားတီးယားဒေသနှင့် ဆက်စပ်မှုမရှိကြောင်း သိရသည်။ ထို့အပြင် ဘူရီးယားတီးယားတွင် မွန်ဂိုလီးယားနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဒေသများအပါအဝင် ပလိပ်ရောဂါဖြစ်ပွားမှု မရှိကြောင်းလည်း ၎င်းက ပြောကြားထားသည်။

836940891_28612841701733225_5980730877629227446_n

လက်ရှိတွင် ရောဂါပိုးနှင့် ထိတွေ့နိုင်ခြေရှိသူများကို အာဏာပိုင်များက ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ရောဂါထပ်မံကူးစက်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးနေကြောင်း သိရသည်။

#သုတမြေ #ကျန်းမာရေး #သတင်းထူး #ကူးစက်