Logo
Wednesday, November 11, 2026
Back to Home
Weather News

စက်တင်ဘာ ၁၄ ရက်အထိ မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုမှုများ သတိပြုရန် မိုးဇလသတိပေး

By Admin•September 10, 2026
စက်တင်ဘာ ၁၄ ရက်အထိ မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုမှုများ သတိပြုရန် မိုးဇလသတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း မြန်မာနိုင်ငံရှိ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ သတိပေးချက်အရ သိရသည်။

ယနေ့ နံနက် ၆:၃၀ နာရီ တိုင်းထွာချက်များအရ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်သည်။

အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအခြေအနေမှာ အသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း သတိပေးထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် တောင်စောင်းများအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြုရန် လိုအပ်သည်။

အလားတူ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့်လည်း ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အသိပေးထားသည်။

ပြည်တွင်းလေကြောင်းပျံသန်းမှုများနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မိုးလေဝသအခြေအနေများကို ကြိုတင်စောင့်ကြည့်၍ သတိပြုသွားလာကြရန် သတိပေးထားသည်။

#သုတမြေ #မိုးလေဝသ #လေပြင်း