Logo
Sunday, November 8, 2026
Back to Home
Health

ရေကြီးရေလျှံပြီးနောက် တိရစ္ဆာန်များ၏ သေးမှ ကူးစက်နိုင်သည့် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ သတိပြုရန်လို

By Admin•October 14, 2026
ရေကြီးရေလျှံပြီးနောက် တိရစ္ဆာန်များ၏ သေးမှ ကူးစက်နိုင်သည့် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ သတိပြုရန်လို

လက်ပ်တိုစပိုင်ရိုးစစ် (Leptospirosis) ရောဂါသည် Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်ပါသည်။ ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ ဆီးမှတစ်ဆင့် ရေ၊ မြေကြီးတို့တွင် ရောဂါပိုးပျံ့နှံ့နိုင်ပြီး ယင်းတို့နှင့် ထိတွေ့မိပါက လူများထံ ကူးစက်နိုင်ပါသည်။

ရောဂါပိုးကို သယ်ဆောင်နိုင်သော တိရစ္ဆာန်များတွင် ကြွက်၊ ကြွက်ကြီး၊ ခွေး၊ နွား၊ ဝက်၊ မြင်းနှင့် အခြားနို့တိုက်သတ္တဝါများ ပါဝင်ပါသည်။ အချို့တိရစ္ဆာန်များတွင် ရောဂါလက္ခဏာ မပြသော်လည်း ဆီးမှတစ်ဆင့် ရောဂါပိုးကို ပတ်ဝန်းကျင်သို့ ပျံ့နှံ့စေနိုင်ပါသည်။ အထူးသဖြင့် ကြွက်များသည် ရောဂါပိုးပျံ့နှံ့မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။

မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားပြီးနောက် ရောဂါပိုးပါဝင်သော တိရစ္ဆာန်ဆီးများသည် ရေကန်များ၊ ရေကြီးရေလျှံနေသော နေရာများနှင့် စိုစွတ်သော မြေကြီးများအတွင်း ပျံ့နှံ့နိုင်ပါသည်။ ထိုရေများကို ထိတွေ့ခြင်း၊ ရောဂါပိုးပါဝင်သော ရေ၊ မြေကြီးတို့နှင့် ထိတွေ့ထားသည့် အရေပြားပွန်းပဲ့ဒဏ်ရာများမှတစ်ဆင့် ရောဂါကူးစက်နိုင်သကဲ့သို့ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှလည်း ရောဂါပိုး ဝင်ရောက်နိုင်ပါသည်။

ရောဂါကူးစက်ခံရပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် မျက်လုံးနီခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ အချို့လူနာများတွင် အသားဝါခြင်းနှင့် မျက်လုံးဝါခြင်းတို့လည်း ဖြစ်ပွားနိုင်ပါသည်။

ရောဂါပိုးနှင့် ထိတွေ့ပြီးနောက် ပုံမှန်အားဖြင့် ၂ ရက်မှ ၃၀ ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်လာနိုင်ပါသည်။ အချိန်မီကုသမှုမခံယူပါက ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းပျက်စီးခြင်း၊ ဦးနှောက်နှင့် ကျောရိုးအာရုံကြောကို ဖုံးအုပ်ထားသော အမြှေးပါးရောင်ရမ်းခြင်း၊ အသက်ရှူခက်ခဲခြင်းနှင့် အသက်သေဆုံးခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။

အဆိုပါရောဂါကို ပဋိဇီဝဆေးများဖြင့် ကုသနိုင်သော်လည်း ရောဂါပြင်းထန်မှုအလိုက် ကုသမှုကွာခြားနိုင်သဖြင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။

ရောဂါကာကွယ်ရန် ရေကြီးရေလျှံပြီးနောက် ညစ်ညမ်းနိုင်သောရေများနှင့် မလိုအပ်ဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်၊ လိုအပ်ပါက ရေစိုခံဖိနပ်နှင့် လက်အိတ်များ ဝတ်ဆင်ရန်၊ အနာများကို ရေစိုခံအကာဖြင့် ဖုံးအုပ်ထားရန်နှင့် အစားအစာများကို ကြွက်နှင့် အခြားတိရစ္ဆာန်များ မဝင်ရောက်နိုင်သော နေရာတွင် သိမ်းဆည်းထားရန် အရေးကြီးပါသည်။ အိမ်မွေးတိရစ္ဆာန်များတွင်လည်း ရောဂါပိုးကူးစက်နိုင်သဖြင့် သံသယရှိပါက တိရစ္ဆာန်ဆေးကုဆရာဝန်ထံ ပြသသင့်ပါသည်။

#ကျန်းမာရေး #ကြွက် #သေး #ဗိုင်းရပ်စ် #ကူးစက်