မုတ်သုံလေ အားကောင်းနေဆဲဖြစ်၍ နိုင်ငံအနှံ့ မိုးရွာနိုင်၊ ဒေသအချို့ မိုးကြီးနိုင်
(ဇွန် ၂၉)
မြန်မာနိုင်ငံအတွင်း မုတ်သုံလေ၏ သက်ရောက်မှု ဆက်လက်အားကောင်းနေသဖြင့် လာမည့်မနက်ပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်ဒေသများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ထင်ရှားသော မိုးရေချိန်များအနေဖြင့် ဖျာပုံနှင့် သထုံမြို့တို့တွင် ၃.၃၄ လက်မစီ ရွာသွန်းခဲ့ပြီး မာန်အောင်၊ ကွမ်းခြံကုန်း၊ ထားဝယ်၊ ဟိုင်းကြီးကျွန်း၊ တောင်ငူ၊ မြောင်းမြ၊ ဒေးဒရဲ၊ ကိုကိုးကျွန်းနှင့် ကျောက်ဖြူမြို့များတွင်လည်း မိုးရေချိန် မြင့်မားစွာ တိုင်းတာရရှိခဲ့သည်။
လက်ရှိအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ပင်လယ်အော်ဒေသများတွင်လည်း မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းသည့်အဆင့်အထိ ရှိနေသည်။ ပင်လယ်ပြင်ဒေသအများစုတွင် တိမ်ထူထပ်နေသည့် အခြေအနေကို တွေ့ရသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်နှင့် ရခိုင်ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင်လည်း မိုးထစ်ချုန်းရွာသွန်းနိုင်ကာ ရွာရန်ရာနှုန်းပြည့်နီးပါး ရှိနေသည်။
ထို့အပြင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် အသိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း မိုးသက်လေပြင်းများ တစ်ခါတစ်ရံ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၇ ပေမှ ၉ ပေအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။
လာမည့်နှစ်ရက်အတွင်း ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ဒေသခံများ ကြိုတင်သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#မိုးလေဝသ #မိုးကြီး #ရာသီဥတု #သုတမြေ
See less
