ဝက်သက်ရောဂါကြောင့် ကလေးသေဆုံးသူ ၉၉၁ ဦးအထိရှိလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါနှင့် ဝက်သက်ရောဂါလက္ခဏာများကြောင့် ကလေးသေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကလေး ၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် မတ်လလယ်မှစတင်၍ သေဆုံးသူစုစုပေါင်း ၉၉၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားရေးဦးစီးဌာန (DGHS) က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
သေဆုံးသူများအနက် ဝက်သက်ရောဂါဖြင့် သေဆုံးကြောင်း အတည်ပြုထားသူ ၁၀၀ ဦးရှိပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒါကာတိုင်းဒေသကြီးတစ်ခုတည်းတွင် ဝက်သက်နှင့်ဆက်စပ်၍ သေဆုံးသူ ၄၆၄ ဦးအထိ ရှိနေသည်။
အဆိုပါကာလအတွင်း ဝက်သက်နှင့်ဆင်တူသည့် ရောဂါလက္ခဏာများ ခံစားရသူအသစ် ၈၄၃ ဦးနှင့် ဝက်သက်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်သူ ၇၄ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ထို့ကြောင့် မတ်လလယ်မှစ၍ ရောဂါလက္ခဏာရှိသူ စုစုပေါင်း ၁၆၃,၁၀၅ ဦးနှင့် ရောဂါအတည်ပြုလူနာ ၁၉,၆၄၁ ဦးအထိ ရှိလာခဲ့သည်။
ထို့အပြင် ဝက်သက်နှင့်ဆက်စပ်၍ ကလေးစုစုပေါင်း ၁၄၃,၂၁၄ ဦးကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် တက်ရောက်ကုသပေးခဲ့ရပြီး ၎င်းတို့အနက် ၁၃၇,၉၂၁ ဦးမှာ ရောဂါသက်သာလာသဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရခဲ့ကြောင်း DGHS က ဆိုသည်။
လူဦးရေ ၁၇၅ သန်းခန့်ရှိပြီး လူဦးရေထူထပ်သော တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခြင်းကြောင့် ဝက်သက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်က ဝက်သက်ရောဂါအပေါ် လူထုအတွင်း စုပေါင်းကာကွယ်နိုင်သည့်အဆင့် (herd immunity) ရှိခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခြင်းကြောင့် ထိုကာကွယ်နိုင်စွမ်း လျော့နည်းသွားခဲ့ကြောင်း WHO က ဆိုသည်။
