"သန်လျင်မြို့ ကန်နီရေကန်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး "

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် မေ ၁၁ ရက် မွန်းလွဲပိုင်းက လူငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
သိရှိရသည့်အချက်အလက်များအရ အသက် ၁၆ နှစ်အရွယ် ယောကျ်ားလေးခြောက်ဦး ရေကန်အတွင်း ရေဆင်းကူးစဉ် တစ်ဦးမှာ ရေနစ်နေခဲ့ကြောင်း၊ ထို့နောက် ရေကူးတတ်သည့် သူငယ်ချင်းတစ်ဦးက သွားရောက်ကယ်ဆယ်ရာမှ နှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူများအနက် တစ်ဦးမှာ မွေးနေ့ရှင်ဖြစ်ပြီး သူငယ်ချင်းများအား မုန့်လိုက်ကျွေးပြီးနောက် ရေဆင်းကူးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် မွေးနေ့ရှင်မှာ ရေမကူးတတ်သူဖြစ်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သန်လျင်ခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ရေငုပ်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီကျော်တွင် ရုပ်အလောင်းနှစ်လောင်းစလုံးအား နေ့ချင်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ရုပ်အလောင်းများကို လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်း၊ စကားဝါ လူမှုကူညီရေးအသင်းတို့၏ အရေးပေါ်ယာဉ်များဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းတွင် သဘာဝအလင်းရောင်သွေးကွန်ယက်၊ မေတ္တာရှင် လူမှုကူညီရေးအဖွဲ့၊ သန်လျင်ညီအစ်ကိုအသင်းနှင့် အောင်နိုင်ဦး အသင်းတို့လည်း ပူးပေါင်းကူညီခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - Steven Thanlyin
#ရေနစ် #လူငယ် #သတင်း #သန်လျင် #သုတမြေ See less
