Logo
Sunday, November 8, 2026
Back to Home
Local News

ရန်ကုန်မြို့နယ် ၃ ခုကို ရေပေးဝေနေသည့် ကလိုရင်းဆေးခတ်စက် ခိုးယူခံရ

By Admin•November 12, 0026
ရန်ကုန်မြို့နယ် ၃ ခုကို ရေပေးဝေနေသည့် ကလိုရင်းဆေးခတ်စက် ခိုးယူခံရ

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရေတွန်းစက်အဆောက်အဦတစ်ခုတွင် တပ်ဆင်ထားသော သောက်သုံးရေ ပိုးသတ်ဆေးခတ်ပေးသည့် Chlorine Dosing Pump စက်ကို တံခါးဖျက်ဆီးကာ ခိုးယူသွားခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီခန့်က ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရေတွန်းစက်အဆောက်အဦတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ၏ တံခါးကို ဖျက်ဆီးကာ စက်ကို ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးယူခံရသည့် Chlorine Dosing Pump သည် ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတားမြို့နယ်များသို့ ရေထပ်ဆင့်တွန်းပို့ပေးသည့် ရေပေးဝေရေးစနစ်တွင် အသုံးပြုထားပြီး ရေပိုက်လိုင်းအတွင်း ကလိုရင်းဆေးခတ်ပေးသည့် စက်ဖြစ်ကြောင်း သိရသည်။

ကလိုရင်းဆေးသည် သောက်သုံးရေအတွင်း ပါဝင်နိုင်သည့် ဘက်တီးရီးယားပိုးများကို ဖယ်ရှားသန့်စင်ရန် အသုံးပြုခြင်းဖြစ်ပြီး အများပြည်သူ၏ သောက်သုံးရေသန့်ရှင်းမှုအတွက် အရေးပါသည့် စက်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

အဆိုပါစက် ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီး ခိုးယူသွားသူများအနေဖြင့် စက်ပစ္စည်းကို အမြန်ဆုံး ပြန်လည်အပ်နှံပေးရန် စည်ပင်သာယာရေးကော်မတီက မေတ္တာရပ်ခံထားသည်။

ရန်ကုန်မြို့အတွင်း သောက်သုံးရေသန့်စင်နိုင်ရေးအတွက် ငမိုးရိပ်၊ လဂွန်းပြင်၊ လှော်ကားနှင့် ရေကူးရေသန့်စင်စက်ရုံများတွင် ကလိုရင်းဆေးခတ်ပိုးသတ်သည့်စနစ်များ အသုံးပြုနေသည့်အပြင် မိုးရာသီကာလ ဝမ်းပျက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရေပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်း ထပ်ဆင့်ကလိုရင်းဆေးခတ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံ - YCDC

#သုတမြေ #သတင်းထူးသတင်းဦး #ခိုးယူ #စည်ပင်