တနိုင်းတွင် မုန်ယိုဆင်ထီး နင်းသတ်မှုကြောင့် နှစ်ရက်အတွင်း ၇ ဦးသေဆုံး
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း မုန်ယိုနေသည့် ဆင်ထီးတစ်ကောင်၏ နင်းသတ်မှုကြောင့် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်အတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး ဆင်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
အမြင့် ၈ ပေခန့်ရှိ အဆိုပါဆင်သည် တရုံကျေးရွာအနီး စက်ဆဲချောင်းဘေးတွင် လူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် အမျိုးသား ၂ ဦး သေဆုံးခဲ့ကာ ၂၅ ရက် နံနက်ပိုင်းတွင်လည်း အခင်းစောင့်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ထပ်မံနင်းသတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဆင်သည် တရုံကျေးရွာအနီးမှတစ်ဆင့် ဒေသအခေါ် နတ်ကျော့ကွင်းဘက်သို့ ရောက်ရှိလာပြီးနောက် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် လဂျားဘွမ်ကျေးရွာဘက်သို့ ရွေ့လျားလာခဲ့ကြောင်း သိရသည်။ ယင်းကြောင့် အနီးဝန်းကျင်ရှိ လယ်ယာနှင့် အခင်းပိုင်ရှင်များမှာ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ဒေသခံများက ဆင်ကို မောင်းထုတ်ရန် သေနတ်ဖြင့် ပစ်ဖောက်ခဲ့ကြသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စစ်တပ်ထံ အကူအညီတောင်းခံကာ သေနတ်ဖြင့် ခြောက်လှန့်ထားကြောင်း သိရသည်။ အဆိုပါဆင်မှာ တနိုင်းဒေသခံ ဦးဝေစိုးပိုင်ဆိုင်သည့် ပုဂ္ဂလိကဆင်ဖြစ်ပြီး သစ်လုပ်ငန်းအတွက် အသိအမှတ်ပြုထားသည့် ဆင်ဖြစ်ကြောင်း ဒေသခံက ဆိုသည်။
ကချင်ပြည်နယ် သစ်တောဌာန၏ စာရင်းများအရ ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင်ဆင် ၈၉၈ ကောင်နှင့် မြန်မာ့သစ်လုပ်ငန်းပိုင်ဆင် ၉၇ ကောင် မှတ်ပုံတင်ထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မုန်ယိုဆင်များကြောင့် လူသေဆုံးမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အင်းတော်ကြီးဒေသ၌ အောင်ဘုအမည်ရှိ မုန်ယိုဆင်ထီးတစ်ကောင်က ဆင်ဦးစီး ၂ ဦးနှင့် အမျိုးသားတစ်ဦးကို နင်းသတ်ခဲ့သဖြင့် ကွန်ဂျီဆင် ၃ ကောင်ဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်ကလည်း ဖားကန့်မြို့နယ်၊ တောမှော်ရွာတွင် မွေးမြူထားသည့် အိမ်ဆင်တစ်ကောင် မုန်ယိုကာ ဆင်ဦးစီးအပါအဝင် လူ ၅ ဦးကို နင်းသတ်ခဲ့ဖူးသည်။
ဆင်ဦးစီးလုပ်ကိုင်ခဲ့သူ ဦးသန်းအောင်၏ ပြောပြချက်အရ ဆင်မုန်ယိုချိန်တွင် နားရွက်အောက်ရှိ မုန်ပေါက်မှ အဖြူဝါရောင်အရည်များ စီးထွက်လာတတ်ပြီး ဆင်၏ အပြုအမူမှာလည်း ပြောင်းလဲလာတတ်ကြောင်း သိရသည်။ ထိုကာလအတွင်း ဆင်များကို သံကြိုးချည်နှောင်ခြင်းနှင့် ထိန်းချုပ်စောင့်ရှောက်ခြင်းတို့ ပြုလုပ်ရပြီး တစ်လခန့် ကြာမြင့်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
