ဟဲဟိုး သီခေါင်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီးရှိ သီခေါင်တောင်အဆင်းတွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၈၇/၆ အနီး၊ သီခေါင်တောင်အဆင်း အကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း အောင်အောင် မောင်းနှင်လာသည့် အဆိုပါခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအပါအဝင် စုစုပေါင်း ၂၂ ဦး လိုက်ပါလာကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးခရီးသည်တစ်ဦးမှာ ခါးအောက်ပိုင်း နာကျင်ဒဏ်ရာရရှိခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးမှာ လက်မောင်းကျိုးဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်မောင်းနှင့် အခြားခရီးသည်များတွင်လည်း ပွန်းပဲ့ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၂ ဦးကို ဟဲဟိုးမြို့မှတစ်ဆင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ယာဉ်မောင်းအား ဟဲဟိုးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ပုံ - MFSD
