လောင်းလုံးတွင် ရေကြီးမြေပြိုမှုကြောင့် ၃၀ နီးပါး ပျောက်ဆုံး၊ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာကာ ရေကြီးမြေပြိုမှုများ ဖြစ်ပွားသဖြင့် လူ ၃၀ နီးပါး ပျောက်ဆုံးနေပြီး သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
စက်တင်ဘာ ၂၆ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်နီမော်၊ ညောပြင်၊ ကဒတ်၊ သဗျာနှင့် အခြားကျေးရွာများအပါအဝင် ကျေးရွာ ၂၀ ခန့်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး နေအိမ်များလည်း မြေပြိုမှုအောက် ပိမိပျက်စီးခဲ့ကြောင်း သိရသည်။
ကဒတ်ငယ်ကျေးရွာတွင် ရဟန်း ၂ ပါးနှင့် ကိုရင် ၁ ပါးအပါအဝင် လူ ၁၀ ဦးခန့် ပျောက်ဆုံးနေပြီး သဗျာကျေးရွာတွင်လည်း လူ ၃ ဦး မြေပိသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ အချို့ရုပ်အလောင်းများကိုမူ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရေကြီးမှုနှင့် မြေပြိုမှုကြောင့် လမ်းပိုင်းများ ပျက်စီးပိတ်ဆို့နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ ရေဘေးသင့်ကျေးရွာများသို့ အချိန်မီ ဝင်ရောက်နိုင်ရန် အခက်အခဲရှိနေသည်။ လက်ရှိတွင် ပျောက်ဆုံးသူများနှင့် ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေပြီး ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အရေးပေါ်ပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။
