လက်ဝါးကပ်တိုင် ပြုတ်ကျမှုကြောင့် အီကွေဒေါဘုန်းတော်ကြီး သေဆုံး
အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း၊ ဂွါယာကီမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ညနေပိုင်း ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေစဉ် နံရံတွင်တပ်ဆင်ထားသည့် လက်ဝါးကပ်တိုင်ကြီး ပြုတ်ကျကာ ဦးခေါင်းပေါ် ထိမှန်ခဲ့သဖြင့် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်၊ စနေနေ့ညက ဂွါယာကီမြို့ရှိ Nuestra Señora del Perpetuo Socorro ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီး ပက်ထရီစီယို အယ်လ်ဖရက်ဒို ဆန်ချက်ဇ် မိုလီနာရီက ဝတ်ပြုဆုတောင်းပွဲကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ၎င်း၏နောက်ဘက်ရှိ နံရံတွင်တပ်ဆင်ထားသော သစ်သားလက်ဝါးကပ်တိုင်ကြီး ရုတ်တရက် ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှတ်တမ်းတွင် လက်ဝါးကပ်တိုင်ကြီးသည် ဘုန်းတော်ကြီး၏ ဦးခေါင်းပေါ်သို့ ပြုတ်ကျထိမှန်ခဲ့ပြီး ဝတ်ပြုဆုတောင်းနေသူများက အကူအညီတောင်းခံ အော်ဟစ်နေသည်ကို တွေ့ရသည်။
သေဆုံးသူဘုန်းတော်ကြီးသည် နိုင်ငံပေါင်း ၈၀ တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကက်သလစ်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Congregation of the Most Holy Redeemer ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသဆိုင်ရာအာဏာပိုင်များဘက်က တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
AP news
