Logo
Monday, November 9, 2026
Back to Home
International News

ဟော်မုဇ်ရေလက်ကြား၌ အောက်တိုဘာလအတွင်း သင်္ဘောတိုက်ခိုက်မှု အမြင့်ဆုံးဖြစ်ပွား

By Admin•October 26, 2026
ဟော်မုဇ်ရေလက်ကြား၌ အောက်တိုဘာလအတွင်း သင်္ဘောတိုက်ခိုက်မှု အမြင့်ဆုံးဖြစ်ပွား

အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခု၏ အချက်အလက်များအရ အီရန်နှင့် အမေရိကန်-အစ္စရေးစစ်ပွဲ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ဟော်မုဇ်ရေလက်ကြားနှင့် အနီးပတ်ဝန်းကျင် ရေလမ်းကြောင်းများတွင် ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုသည် အောက်တိုဘာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာကြောင်း သိရသည်။

ဝါရှင်တန်အခြေစိုက် The Washington Institute for Near East Policy မှ အကြီးတန်းသုတေသီ နိုအမ် ရေးဒန်၏ မှတ်တမ်းများအရ အောက်တိုဘာလအတွင်း ဟော်မုဇ်ရေလက်ကြားနှင့် အနီးပတ်ဝန်းကျင် ရေလမ်းကြောင်းများတွင် သင်္ဘောတိုက်ခိုက်မှု ၂၈ ကြိမ်ကို အတည်ပြုနိုင်ခဲ့ခြင်း သို့မဟုတ် သတင်းပေးပို့ချက်များအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး စစ်ပွဲစတင်ချိန်မှစ၍ စုစုပေါင်း ၁၁၃ ကြိမ်အထိ ရှိလာခဲ့သည်။

867530162_1169294085428252_2525244497715874588_n

အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း (IMO) ၏ အချက်အလက်များအရလည်း အောက်တိုဘာလအတွင်း ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှု ၂၇ ကြိမ်ရှိခဲ့ပြီး မတ်လအတွင်းတွင် ၂၂ ကြိမ်ရှိခဲ့ကြောင်း သိရသည်။ မတ်လအတွင်းကမ်းလွန်ရေနံတူးစင်တစ်ခုနှင့် ဆွဲသင်္ဘောနှစ်စင်းလည်း တိုက်ခိုက်ခံခဲ့ရကြောင်း USNI News ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများ များပြားနေသော်လည်း သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖြတ်သန်းသွားလာနေဆဲဖြစ်သည်။ လန်ဒန်အခြေစိုက် Lloyd’s List ရေကြောင်းထောက်လှမ်းရေးအဖွဲ့၏ အချက်အလက်များအရ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အတွင်း အီရန်နှင့် ဆက်နွှယ်မှုမရှိသော သင်္ဘော ၁၀၄ စင်း ဖြတ်သန်းခဲ့ပြီး ယင်းကာလအတွင်း တိုက်ခိုက်မှု ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် ခြောက်ကြိမ်သည် အောက်တိုဘာ ၁၁ ရက်တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့ကြောင်း IMO က ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ရေလက်ကြားဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက်မှာ ယခင်တစ်ပတ်က ၁၂၆ စင်းရှိခဲ့ရာမှ လျော့ကျခဲ့သော်လည်း ဩဂုတ်လ၏ အပတ်စဉ်ပျမ်းမျှထက် ၃၁ ရာခိုင်နှုန်း ပိုမိုများပြားနေဆဲဖြစ်ကြောင်း Lloyd’s List က ဆိုသည်။

အီရန်သည် သတ်မှတ်ထားသည့် သင်္ဘောတစ်စင်း သို့မဟုတ် ကုမ္ပဏီတစ်ခုကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမဟုတ်ကြောင်း နိုအမ် ရေးဒန်က နယူးယောက်မြို့တွင် ပြုလုပ်သည့် Lloyd’s List Outlook Forum ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

861232933_1113882131349441_9192002413869860025_n

သင်္ဘောများအပေါ် အန္တရာယ်မြင့်မားနေစေရန် အီရန်အနေဖြင့် သင်္ဘောတိုင်းကို တိုက်ခိုက်ရန် မလိုအပ်ကြောင်း၊ သင်္ဘောတစ်စင်း သို့မဟုတ် နှစ်စင်းကို တိုက်ခိုက်ခြင်း၊ အခြားသင်္ဘောတစ်စင်းကို ရပ်တန့်ရန် သတိပေးခြင်း သို့မဟုတ် ပါရှန်ပင်လယ်ကွေ့အတွင်း ဆက်လက်နေထိုင်စေခြင်းတို့ဖြင့် ရေလမ်းကြောင်း၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများကို မြင့်တက်စေနိုင်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

အီရန်၏ ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ သင်္ဘောများကို တိုက်ခိုက်ပြီး တောင်ဘက်ရေလမ်းကြောင်းကို အန္တရာယ်များသည့် နေရာအဖြစ် ထင်မြင်စေရန်နှင့် သင်္ဘောများ ဖြတ်သန်းသွားလာရာတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ကို မြင့်မားနေစေရန်ဖြစ်ကြောင်း ရေးဒန်က ပြောကြားခဲ့သည်။

Reuters

#နိုင်ငံတကာ #သတင်းထူး #အီရန် #တိုက်ခိုက်