ရခိုင်၊ မွန်အပါအဝင် ဒေသ ၆ ခုတွင် မိုးကြီးနိုင်
မုတ်သုံလေအားကောင်းနေမှု၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် မနက်ဖြန်နံနက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင်လည်း မုတ်သုံလေအားကောင်းနေကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေသဖြင့် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေရှိနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ခြေ ရာနှုန်းပြည့်ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
မြန်မာ့ပင်လယ်ပြင်တွင်လည်း မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သည်။ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ မြင့်တက်နိုင်သဖြင့် ရေကြောင်းသွားလာသူများ သတိထားရန် လိုအပ်ကြောင်း အသိပေးထားသည်။
နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
#ရာသီဥတု #မိုးလေဝသ #ရေကြီး #သတင်းထူးသတင်းဦး
See less
