နီပေါ မိုးသည်းထန်ခြင်းနှင့် မြေပြိုမှုများကြောင့် လူ ၂၁ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံး
နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် လူ ၂၁ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDRRMA) ၏ နေ့စဉ်သဘာဝဘေးသတင်းထုတ်ပြန်ချက်အရ သိရသည်။
NDRRMA ပြောရေးဆိုခွင့်ရှိသူ ရှန်တီ မဟတ်၏ ပြောကြားချက်အရ မြေပြိုမှုဖြစ်စဉ် ၉၇ ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကြောင့် လူ ၂၁ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှု ၈၀ ကြိမ်၊ ရေကြီးမှု ၅၇ ကြိမ်၊ မြွေကိုက်မှု ၁၇ ကြိမ်၊ မီးလောင်မှု ၈ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၈ ကြိမ်၊ တိရစ္ဆာန်တိုက်ခိုက်မှု ၄ ကြိမ်နှင့် နှင်းကျမှု ၁ ကြိမ် ဖြစ်ပွားခဲ့သည်။
ရေကြီးမှုများကြောင့် သေဆုံးသူမရှိသော်လည်း လူ ၄၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်သည့်ဒေသများမှ လူ ၇၀၀ ခန့်ကိုလည်း ကယ်ဆယ်ခဲ့ရသည်။
သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်း လမ်းပိုင်း ၄၈ ခု ပျက်စီး/သွားလာမှုထိခိုက်ခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် ၁၂၁ ကောင် ဆုံးရှုံးခဲ့ကာ စီးပွားရေးထိခိုက်ဆုံးရှုံးမှုမှာ နီပေါရူပီး ၁၉ ဒသမ ၁၆ သန်းကျော် ရှိကြောင်း NDRRMA က ခန့်မှန်းထားသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့များက သဘာဝဘေးသင့်ဒေသများ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Radio Nepal Online
