မိုးကြီး၊ လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန် မိုးလေဝသဌာန သတိပေး
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၃ ရက် ည ၇ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနေပြီး မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာသွန်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတစ်လျှောက်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး နောက်ထပ် ပိုမိုအားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မိုင်ဆက်ခ်” သည်လည်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ လာမည့် ၆ နာရီအတွင်း ဟိုင်နန်ကျွန်းကို ဖြတ်ကျော်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သတိပေးထားသည်။
လက်ရှိတွင် နိုင်ငံအနှံ့ ဒေသအများအပြား၌ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် အကြံပြုထားသည်။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်သည်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ မြင့်တက်နိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာသူများ အထူးသတိပြုသင့်ကြောင်း အသိပေးထားသည်။
နောက် ၂ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
မြို့ကြီးများအတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ နေပြည်တော်တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်မြို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ မန္တလေးမြို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ဒေသသုံးခုစလုံးတွင် မိုးရွာနိုင်ခြေ ရာနှုန်းပြည့်ရှိကြောင်း သိရသည်။
ထို့အပြင် လာမည့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် နေပြည်တော်နှင့် ရန်ကုန်တိုင်း၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မန္တလေးတိုင်းတွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
#မိုးလေဝသ #လေပြင်း #သုတမြေ #သတင်းထူးသတင်းဦး
See less
