ရာသီဥတုပြောင်းလဲချိန် မျက်စိစွန်ခြင်းဖြစ်ပါက ဘယ်လိုဂရုစိုက်မလဲ
မျက်စိစွန်ခြင်းသည် မျက်ခွံအောက်ခြေတွင် ဝက်ခြံကဲ့သို့ နီရဲရောင်ရမ်းနေသော အဖု၊ အလုံးများ ဖြစ်ပေါ်ခြင်းဖြစ်ပြီး မျက်စိစွန်သည့်နေရာတွင် အလွန်နာကျင်ခြင်း၊ ထိတွေ့ပါက နာခြင်းနှင့် ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေများတွင် အဖုအတွင်း ပြည်တည်လာနိုင်ပါတယ်။
မျက်စိစွန်ခြင်းသည် အများအားဖြင့် မျက်ခွံတစ်နေရာတည်းတွင်သာ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံ အပေါ်မျက်ခွံနှင့် အောက်မျက်ခွံတို့တွင် တစ်ပြိုင်နက်ဖြစ်ခြင်း သို့မဟုတ် မျက်စိနှစ်ဖက်စလုံးတွင် ဖြစ်ပွားခြင်းလည်း တွေ့ရနိုင်ပါတယ်။ မျက်စိစွန်ခြင်းဟာ မျက်တောင်အမြစ်နားရှိ အဆီဂလင်းများ ပိတ်ဆို့ခြင်းနှင့် ဘက်တီးရီးယားပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
မျက်စိစွန်နေချိန်တွင် မျက်စိကို လက်ဖြင့်မပွတ်ဘဲ လက်ကိုသန့်ရှင်းစွာ ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့အဝတ်ကို ရေနွေးနွေးထဲစိမ်ပြီး မျက်ခွံပေါ် ၁၀–၁၅ မိနစ်ခန့် တစ်နေ့ ၃–၄ ကြိမ် ကပ်ပေးခြင်းက အဖုရောင်ရမ်းမှု လျော့ကျစေရန် ကူညီနိုင်ပါတယ်။ အဖုကို ကိုယ်တိုင်ညှစ်ခြင်း သို့မဟုတ် ဖောက်ခြင်း မပြုသင့်ပါဘူး။
ထို့အပြင် မျက်စိမိတ်ကပ်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း၊ မသန့်ရှင်းသော လက်ဖြင့် မျက်စိကိုထိခြင်းနှင့် မျက်စိစွန်နေစဉ် မိတ်ကပ်အသုံးပြုခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ မျက်နှာနှင့် မျက်ခွံပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစွာထားရှိရန် လိုအပ်ပါတယ်။
မျက်စိစွန်ခြင်းသည် အများအားဖြင့် ရက်သတ္တပတ် ၁ ပတ်မှ ၂ ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်ပါတယ်။ သို့သော် ၂ ပတ်ကျော်သည်အထိ မသက်သာခြင်း၊ မကြာခဏ ပြန်ဖြစ်ခြင်း၊ ရောင်ရမ်းမှု ပိုမိုဆိုးရွားလာခြင်း၊ မျက်စိမြင်ကွင်းထိခိုက်ခြင်း သို့မဟုတ် မျက်စိတစ်ဝိုက်သို့ ရောင်ရမ်းလာခြင်းတို့ ဖြစ်ပါက မျက်စိအထူးကုဆရာဝန်ထံ သွားရောက်စစ်ဆေးပြီး သင့်လျော်သောကုသမှု ခံယူသင့်ပါတယ်။
