မုတ်သုံအားအသင့်အတင့်ရှိနေပြီး ဒေသအများစု မိုးရွာနိုင်ကြောင်း ခန့်မှန်း
(ဇွန် ၂၆၊ ၂၀၂၆ – ည ၇ နာရီ ထုတ်ပြန်ချက်အရ)
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ ဆက်လက်အားအသင့်အတင့်ရှိနေပြီး ပင်လယ်ပြင်ဒေသအများစုတွင် တိမ်ထူထပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ မိုးလေဝသခန့်မှန်းချက်အရ နိုင်ငံအနှံ့ဒေသအများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းမြောက်ဒေသများတွင် နေရာကွက်ကျား၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး နေပြည်တော်၊ ကယား၊ ချင်းနှင့် ရှမ်းတောင်/အရှေ့ပိုင်းဒေသများတွင် နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်ရွေ့လျားသည့် နေရာများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်နိုင်သဖြင့် သတိထားကြရန် အကြံပြုထားသည်။
မြန်မာ့ပင်လယ်ပြင်တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မှ ၃၀ မိုင်အထိ ရောက်ရှိနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။
လာမည့် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုမိုလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
စနေ၊ တနင်္ဂနွေအားလပ်ရက်ကာလအတွက် ခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်တိုင်းတွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး မန္တလေးတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
See less
