Logo
Thursday, May 14, 2026
Back to Home
Local News

ဓနုဖြူမြို့မဈေးကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၂၅၀ ကျော် ပြာကျပျက်စီး

By AdminApril 26, 2026
ဓနုဖြူမြို့မဈေးကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၂၅၀ ကျော် ပြာကျပျက်စီး
680600554_1354222070068271_1722565778375310542_n

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့ ဧပြီ ၂၆ ရက် နံနက်ပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၅၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံသတင်းရင်းမြစ်များထံမှ အတည်ပြုသိရှိရသည်။
မီးလောင်မှုမှာ ယနေ့နံနက် ၆ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအားကောင်းခဲ့ခြင်းကြောင့် ကုန်စုံဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များအပါအဝင် ဈေးအတွင်းရှိ အဆောက်အအုံများသို့ ကူးစက်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းရာသို့ ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်အပြင် ဒေသခံပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်မှုအား တစ်နာရီခွဲနီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားသည့်နေ့မှာ ဈေးပိတ်ရက်ဖြစ်နေခြင်းကြောင့် ဈေးအတွင်း လူသူကင်းရှင်းနေချိန်ဖြစ်ရာ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်အန္တရာယ် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် ဓနုဖြူမြို့မဈေးကြီးအတွင်းရှိ စုစုပေါင်းဆိုင်ခန်း ၄၁၀ အနက် ဈေးဆိုင်ခန်း ၂၅၀ ကျော်မှာ မီးလောင်မှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့ရသည်။ "မီးက အရမ်းပြင်းခဲ့တယ်၊ ဆိုင်ခန်းတွေကလည်း အများကြီးဆိုတော့ ထိန်းရခက်ခဲ့တယ်။ လတ်တလော စာရင်းအရ ဆိုင်ခန်း ၂၅၀ ကျော် ပါသွားပြီ။ ကျန်တဲ့ အသေးစိတ်စာရင်းကိုတော့ ထပ်ပြီး စိစစ်နေပါတယ်" ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များက မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကိုလည်း ကွင်းဆင်းတွက်ချက်လျက်ရှိသည်။ ယခုဖြစ်စဉ်သည် ဓနုဖြူမြို့ရှိ ကုန်သည်များနှင့် ဈေးသူဈေးသားများအတွက် ကြီးမားသော စီးပွားရေးထိခိုက်မှုတစ်ရပ်ဖြစ်ပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ရသည်။

680570591_1354222136734931_5679126003366762180_n