ရွှေရောင်ထရမ့်ရုပ်တု ဥရောပပါလီမန်၌ ပြသ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးမူဝါဒများကို သရော်ဝေဖန်ထားသည့် ရွှေချထားသော ကိုယ်လုံးတီးရုပ်တုတစ်ခုကို ဥရောပပါလီမန်အဆောက်အအုံအတွင်း ပြသထားကြောင်း သိရသည်။
အမြင့် ၂ ဒသမ ၅ မီတာကျော်ရှိသည့် ရုပ်တုကို ဒိန်းမတ်ပန်းပုအနုပညာရှင် ယန်းစ် ဂါလ်ရှီအော့တ် (Jens Galschiøt) က ဖန်တီးခဲ့ခြင်းဖြစ်ပြီး “The Orange Plague” ဟု အမည်ပေးထားကာ “King of Injustice” (မတရားမှုဘုရင်) ဟုလည်း ခေါ်ဆိုကြသည်။ ကြေးနီဖြင့် ပြုလုပ်ထားသည့် ရုပ်တုကို ၂၃ ကာရက် ရွှေပါးလွှာဖြင့် အုပ်ထားသည်။
ရုပ်တုတွင် ထရမ့်ကို ဂေါက်တုတ်နှင့် တရားမျှတမှုချိန်ခွင် ကိုင်ဆောင်ထားပြီး အမျိုးသားတစ်ဦး၏ ပခုံးပေါ်တွင် ထိုင်နေသည့်ပုံစံဖြင့် ပုံဖော်ထားသည်။ ယင်းလက်ရာသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာစည်းမျဉ်းများအပေါ် ထရမ့်၏ မူဝါဒများ သက်ရောက်မှုရှိနေကြောင်း သရော်ထားခြင်းဖြစ်သည်။
“ထရမ့်က ရွှေကို ကြိုက်နှစ်သက်တယ်။ ဒီပန်းပုကို သူကိုယ်တိုင်တောင် သဘောကျနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အနုပညာရှင် ဂါလ်ရှီအော့တ်က ပြောကြားခဲ့သည်။
အဆိုပါပြပွဲကို ဒိန်းမတ်နိုင်ငံရေးသမား ပါး ကလော့ဆန် (Per Clausen) က ပံ့ပိုးစီစဉ်ခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၏ တရားဝင်သဘောထားကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း သိရသည်။ ဥရောပပါလီမန်အတွင်း ပြပွဲများကို ခွင့်ပြုချက်ဖြင့်သာ ပြသနိုင်ပြီး လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ဥရောပသမဂ္ဂ၏ အခြေခံတန်ဖိုးများကို ထိခိုက်စေသည့် ပြပွဲများကို တားမြစ်ထားသည်။
ယင်းရုပ်တုသည် နိုင်ငံရေးအာဏာနှင့် တာဝန်ယူမှုဆိုင်ရာ အငြင်းပွားမှုများကို အနုပညာဖြင့် ဖော်ပြထားသည့် သရော်လက်ရာတစ်ခုဖြစ်သည်။
