Logo
Monday, November 9, 2026
Back to Home
International News

ပြင်သစ်နိုင်ငံ လီမိုဂျ်မြို့တော်ခန်းမ မီးလောင်ပျက်စီး၊ ဆန္ဒပြမှုများအတွင်း လူ ၁,၂၀၀ ကျော် ဖမ်းဆီးခံရ

By Admin•October 19, 2026
ပြင်သစ်နိုင်ငံ လီမိုဂျ်မြို့တော်ခန်းမ မီးလောင်ပျက်စီး၊ ဆန္ဒပြမှုများအတွင်း လူ ၁,၂၀၀ ကျော် ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံ လီမိုဂျ်မြို့ရှိ သက်တမ်း ၁၄၃ နှစ်ရှိ မြို့တော်ခန်းမသည် အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း မျက်နှာဖုံးစွပ် ဆန္ဒပြသူများ၏ မီးရှို့မှုကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မောရစ် ဘာရိတ်၏ ပြောကြားချက်အရ မြို့တော်ခန်းမ၏ အမိုးသည် အနောက်ဘက်အဆောင်မှအပ အောက်ထပ်များပေါ်သို့ ပြိုကျခဲ့ပြီး အဆောက်အအုံ၏ အပြင်ဘက်နံရံ သုံးပုံနှစ်ပုံခန့်လည်း ပျက်စီးသွားခဲ့သည်။ ယင်းဖြစ်စဉ်ကို သမိုင်းဝင်အမွေအနှစ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် ၎င်းက သတ်မှတ်ခဲ့သည်။

မျက်နှာဖုံးစွပ် ဆန္ဒပြသူတစ်စုသည် မြို့တော်ခန်းမအပြင်ဘက်ရှိ ရဲကားတစ်စီးကို မီးရှို့ခဲ့ပြီးနောက် အဆောက်အအုံ၏ ပြတင်းပေါက်များကို ရိုက်ခွဲကာ အတွင်းသို့ဝင်ရောက်၍ မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်နိုင်ရန် စနေနေ့ညပိုင်းတွင် အရေးပေါ်လာရောက်ဆောင်ရွက်ခဲ့ရသည်။

855188254_1784324445948020_1849511881654991353_n

ထို့ပြင် လီမိုဂျ်မြို့လယ်ရှိ ဆိုင်အချို့လည်း လုယက်ခံခဲ့ရပြီး ပြင်သစ်နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း အစိုးရအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

လူနေမှုစရိတ် မြင့်တက်လာမှုကို ဆန့်ကျင်သည့် တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၅၅၀,၀၀၀ ခန့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အနည်းဆုံး လူ ၁,၂၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်အစိုးရက ထုတ်ပြန်သည်။

မြို့တော်ပါရီအပါအဝင် နေရာအများအပြားတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များ အသုံးပြုခဲ့ရသည်။ အဆိုပါ အကြမ်းဖက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဆက်ဘက်စတီယန် လက်ကော်နူးက ပြောကြားခဲ့သည်။

ပါရီမြို့တွင် နေ့ခင်းပိုင်း ဆန္ဒပြချီတက်မှုအများစုမှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့သော်လည်း ညနေပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

#သတင်းစုံ #ဆန္ဒပြ #ပြင်သစ် #သုတမြေ