Logo
Thursday, November 12, 2026
Back to Home
Weather News

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းနှင့် ဖားကန့်မြို့များတွင် ရေကြီး၊ လူရာချီ ရွှေ့ပြောင်းနေရ

By Admin•June 21, 2026
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းနှင့် ဖားကန့်မြို့များတွင် ရေကြီး၊ လူရာချီ ရွှေ့ပြောင်းနေရ

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် မိုးကောင်းမြို့နှင့် ဖားကန့်မြို့ရှိ ချောင်းရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာပြီး ရပ်ကွက်နှင့် ကျေးရွာအများအပြား ရေဝင်ရောက်မှု ကြုံတွေ့နေရကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူ ၇၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

မိုးကောင်းမြို့တွင် နန့်ရင်ချောင်းနှင့် နန့်ကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး မြို့ဦး၊ ရွာသစ်၊ ဈေးကုန်း၊ ကျွန်းတော၊ နမ့်အင်း၊ အောက်ချိုင့်နှင့် နတ်ကြီးကုန်း စသည့်နေရာများလည်း ရေဝင်ရောက်မှု ကြုံနေရကြောင်း သိရသည်။

ဖားကန့်မြို့တွင်လည်း ဥရုချောင်းရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မှော်ဝမ်းလေး၊ ကျောက်ဝိုင်း၊ ငှက်ပျောတောနှင့် မရှီကထောင်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေရပြီဖြစ်သည်။

ရေဝင်ရောက်မှုကြောင့် တစ်ထပ်အိမ်အချို့မှာ အိမ်တစ်ထပ်လုံးနီးပါး နစ်မြုပ်သွားသည့်အထိ အခြေအနေဆိုးရွားနေပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မွေးလူနာများနှင့် နာမကျန်းသူများကို ဦးစားပေး ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

ထို့ပြင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်များတွင် ပိတ်မိနေသူအချို့ကိုလည်း ဆက်လက်ကယ်ထုတ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားထားသည်။

#သတင်းထူးသတင်းဦး #မိုးလေဝသ #သတင်း #သုတမြေ

See less