အမြန်လမ်းယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးတွင် ဇွန်လ ၂၂ ရက် နံနက်အစောပိုင်းက Express ခရီးသည်တင်ယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ မိုင်တိုင်အမှတ် ၁၁၇ မိုင် ၇ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် ရပ်တန့်ကာ ပြုပြင်နေသည့် ရတနာဖြိုး Express ယာဉ်ကို ရွှေမန္တလာ Express ယာဉ်က နောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းသိရှိရသည့်အချက်များအရ ပျက်စီးနေသည့်ယာဉ်မှာ လမ်းဘေးသို့ အပြည့်အဝ မချရပ်ဘဲ ယာဉ်ကြောအတွင်း ရပ်တန့်ထားခဲ့ပြီး နောက်မှလိုက်ပါလာသည့် ယာဉ်မောင်းဘက်တွင် အိပ်ငိုက်မောင်းနှင်မှုလည်း ပါဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယာဉ်တိုက်မှုကြောင့် ရတနာဖြိုးယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်၊ ရွှေမန္တလာယာဉ်မှ ယာဉ်နောက်လိုက် စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ခရီးသည် ၄ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
အမြန်လမ်းအသုံးပြုသူများအနေဖြင့် သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်ခြင်း၊ ယာဉ်အကွာအဝေး ထိန်းထားခြင်း၊ ယာဉ်ရပ်တန့်လိုပါက လမ်းဘေးသို့ အပြည့်အဝရွှေ့ရပ်ခြင်းနှင့် ညပိုင်းအချိန်များတွင် အချက်ပြမီးများ စနစ်တကျ အသုံးပြုရန် သက်ဆိုင်ရာက ထပ်မံသတိပေးထားသည်။
See less
