မုန်တိုင်း ချမ်ပီကြောင့် ထိုင်ဝမ်တစ်ကျွန်းနီးပါး ပိတ်ထားရ၊ လူတစ်ဦးသေဆုံးပြီး ၁၆၃ ဦး ဒဏ်ရာရ
ထိုင်ဝမ်ကျွန်းအနီးသို့ တိုင်ဖွန်းမုန်တိုင်း ချမ်ပီ (Champi) ချဉ်းကပ်လာမှုကြောင့် သောကြာနေ့တွင် ကျွန်းတစ်ကျွန်းလုံးနီးပါး၌ လုပ်ငန်းဆောင်တာများ ရပ်နားထားရသည်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေပြီး အားလျော့လာသော်လည်း ထိုင်ဝမ်ကျွန်းပေါ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေကို ပယ်ချ၍မရသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သည့် အားအပြင်းဆုံးမုန်တိုင်းများအနက် တစ်ခုဖြစ်ခဲ့ပြီး တစ်ချိန်က စူပါတိုင်ဖွန်းအဆင့်အထိ ရောက်ရှိခဲ့သော ချမ်ပီမုန်တိုင်းသည် အားလျော့လာသော်လည်း ဗဟိုချက်အနီး လေပြင်းတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် ၁၉၁ ကီလိုမီတာ (၁၁၉ မိုင်) ခန့်အထိ ရှိနေဆဲဖြစ်ကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသဌာန (CWA) က ထုတ်ပြန်သည်။
မုန်တိုင်းသည် ထိုင်ဝမ်အရှေ့ဘက် ကီလိုမီတာ ၁၇၀ ခန့် (၁၀၆ မိုင်) အကွာတွင် ရှိနေကြောင်း CWA က ဆိုသည်။ ခန့်မှန်းလမ်းကြောင်းအရ မုန်တိုင်းသည် သောကြာနေ့နှောင်းပိုင်းတွင် ထိုင်ဝမ်အရှေ့မြောက်ဘက်ကမ်းရိုးတန်းအနီးမှ ဖြတ်သန်းပြီးနောက် မြောက်ဘက်သို့ ဦးတည်ကာ တရုတ်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားမည်ဖြစ်သည်။ ထို့နောက် ဂျပန်နိုင်ငံတောင်ပိုင်းသို့ ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၁၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူဦးရေမှာ ယခင်ထုတ်ပြန်ထားသည့် ၁၇၁ ဦးမှ ပြန်လည်ပြင်ဆင်လျှော့ချထားခြင်းဖြစ်သည်။
ထို့ပြင် တောင်တန်းဒေသများတွင် နေထိုင်သူ ၂,၆၃၉ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားသည်။ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ Taipower ၏ ထုတ်ပြန်ချက်အရ အိမ်ထောင်စုပေါင်း ၇၇,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့သော်လည်း အများစုမှာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်သည်။
တစ်ဖက်တွင် ကမ္ဘာ့အကြီးဆုံး စာချုပ်အခြေပြု ချစ်ပ်ပြားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် TSMC ကုမ္ပဏီကမူ ၎င်း၏ လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး မုန်တိုင်းကြောင့် သိသာထင်ရှားသည့် ထိခိုက်မှုမရှိကြောင်း ပြောကြားထားသည်။
ထိုင်ဝမ်ဗဟိုမိုးလေဝသဌာနမှ မိုးလေဝသခန့်မှန်းရေးပညာရှင် လျူပေထန် (Liu Pei-teng) ကမူ မုန်တိုင်းသည် ထိုင်ဝမ်အနီးသို့ ချဉ်းကပ်လာစဉ် အရှိန်လျော့သွားခြင်း၊ လမ်းကြောင်းကွေ့ပတ်ခြင်း သို့မဟုတ် ဘေးတစ်ဖက်တစ်ချက်သို့ ယိမ်းယိုင်ရွေ့လျားခြင်းများ ဖြစ်ပေါ်ပါက ကျွန်းပေါ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေ ရှိနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒီမုန်တိုင်းရဲ့ လေပြင်းတိုက်ခတ်နိုင်တဲ့ အကျယ်အဝန်းက အတော်လေးကြီးမားပြီး မကြာသေးမီနှစ်များအတွင်း တွေ့ရတဲ့ မုန်တိုင်းတွေထဲမှာ ကြီးမားတဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ မုန်တိုင်းအရှိန်နှေးသွားမယ်ဆိုရင် လေပြင်းဒဏ်ကို ထိုင်ဝမ်က ပိုမိုကြာရှည်ခံစားရနိုင်ပါတယ်” ဟု လျူက သတိပေးပြောကြားခဲ့သည်။
မုန်တိုင်း၏ လမ်းကြောင်းနှင့် အင်အားပြောင်းလဲမှုအပေါ် စောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ထိုင်ဝမ်အာဏာပိုင်များအနေဖြင့် လေပြင်း၊ မိုးသည်းထန်မှုနှင့် ရေလွှမ်းမိုးမှုအန္တရာယ်များအတွက် သတိပြုကြရန် လိုအပ်နေဆဲဖြစ်သည်။
