Logo
Thursday, May 14, 2026
Back to Home
Local News

မိန်းမလှကျွန်းတွင် မိကျောင်းတိုက်ခိုက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး — ဒေသခံများ သတိပြုရန်လိုအပ်

By AdminMay 1, 2026
မိန်းမလှကျွန်းတွင် မိကျောင်းတိုက်ခိုက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး — ဒေသခံများ သတိပြုရန်လိုအပ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်း ဂဏန်းပိုက်ချနေသော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး မိကျောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး မောင်မိုးဝေယံအမည်ရှိ လူငယ်သည် လှေဖြင့် ချောင်းအတွင်း ဂဏန်းပိုက်ချနေစဉ် အလျား ၁၅ ပေခန့်ရှိသော မိကျောင်းတစ်ကောင်က ရေထဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိကျောင်း၏ ထိုးနှက်မှုကြောင့် လှေ လှုပ်ရှား၍ လူငယ်မှာ ရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး ထိုအချိန်တွင် မိကျောင်းက ကိုက်ချီဆွဲသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် ဒေသခံများက ချက်ချင်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တစ်နာရီခန့်အကြာတွင် ချောင်းအတွင်း၌ပင် လူငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။ အလောင်းတွင် မိကျောင်းကိုက်ဒဏ်ရာများ ပြင်းထန်စွာတွေ့ရှိရပြီး စက်ဆန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖြစ်စဉ်ပြီးနောက် ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် ဒေသအာဏာပိုင်များက သေဆုံးသူ၏ မိသားစုထံ ကျပ်ငွေ ၃ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေသခံများအဆိုအရ ဘိုကလေးမြို့နယ်သည် မိကျောင်းအန္တရာယ်ရှိသော ဒေသတစ်ခုဖြစ်ပြီး ရေရှာ၊ ငါးရှာလုပ်ငန်းများတွင် အထူးသတိပြုရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့ပြင် ဧပြီလမှ ဇွန်လအထိကာလသည် မိကျောင်းများ မိတ်လိုက်ရာသီဖြစ်သောကြောင့် ထိုကာလအတွင်း မိကျောင်းများ ရန်ပြုနိုင်ခြေ မြင့်တက်လေ့ရှိကြောင်းလည်း ဒေသခံတစ်ဦးက ထောက်ပြသည်။
၂၀၂၂ ခုနှစ်မှတ်တမ်းများအရ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မြစ်ချောင်းများတွင် မိကျောင်းအရေအတွက် ၁၀၀ ကျော်ရှိနေပြီး ယင်းဒေသမှာ ရေချိုနှင့် ရေငန်စပ် မိကျောင်းများ၏ အဓိကနေထိုင်ရာဖြစ်ကြောင်း သိရသည်။