စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူ သတင်းပေးလျှင် ကျပ်တစ်သိန်းချီးမြှင့်မည်ဟု တောင်ကြီးစည်ပင် ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို သတင်းပေးပို့နိုင်ပြီး သက်သေအထောက်အထား ပြည့်စုံပါက ဆုကြေးငွေ ကျပ် ၁ သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက မေ ၈ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြို့ပေါ်ရှိ ရေမြောင်းများအတွင်း အမှိုက်စွန့်ပစ်မှုများကြောင့် ရေစီးရေလာပိတ်ဆို့ခြင်း၊ မိုးရာသီတွင် ရေလျှံခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မကြာခဏဖြစ်ပွားနေသဖြင့် ယခုအစီအစဉ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့ပေါ်ရှိ ၂၂ ရပ်ကွက်၊ အေးသာယာ ၁၂ ရပ်ကွက်နှင့် ရွှေညောင် ၁၁ ရပ်ကွက်တို့တွင် ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းဝင်းက “တောင်ကြီးမြို့ရဲ့ သန့်ရှင်းသာယာလှပတဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အဓိက မြောင်းကြီးတွေထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပညာပေးကာလပြီးနောက် စည်းကမ်းမလိုက်နာသူများကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ဒေသခံများကလည်း တောင်ကြီးမြို့တွင် လမ်းဘေး၊ ရေမြောင်းနှင့် ဈေးပတ်ဝန်းကျင်များတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းများကြောင့် မြို့သန့်ရှင်းရေးနှင့် ရေစီးဆင်းမှု ထိခိုက်နေကြောင်း ပြောဆိုထားပြီး ယခုကဲ့သို့ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဆိုပါက ပတ်ဝန်းကျင်သန့်ရှင်းရေး ပိုမိုကောင်းမွန်လာနိုင်ကြောင်း မျှော်လင့်ထားကြသည်။
အမှိုက်စွန့်ပစ်သူများကို သတင်းပေးပို့လိုသူများအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်၊ နေရာနှင့် ဓာတ်ပုံ၊ ဗီဒီယို စသည့် သက်သေအထောက်အထားများနှင့်အတူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ See less
