ဖလော်ရီဒါတွင် နေအိမ်များအနီး ဂျက်လေယာဉ် ဦးစိုက်ပျက်ကျ၊ လိုက်ပါသူ ၉ ဦးစလုံး သေဆုံး
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း၊ Palm Beach County တွင် နိုဝင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Austin မြို့မှ ဘဟားမားစ်နိုင်ငံသို့ ဦးတည်ပျံသန်းလာသည့် Learjet 60 အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်သည် ဖလော်ရီဒါပြည်နယ် Palm Beach County အတွင်းသို့ ရောက်ရှိစဉ် မြေပြင်သို့ ဦးစိုက်ထိုးကျကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လာသည့် ကားဒက်ရှ်ကင်မရာမှတ်တမ်းတွင် ဂျက်လေယာဉ်သည် ကောင်းကင်မှ အရှိန်ပြင်းစွာ ဦးစိုက်ဆင်းလာပြီး လူသွားလူလာများသည့် လမ်းမပေါ်သို့ ပြင်းထန်စွာ ထိုးကျသွားကာ ချက်ချင်းဆိုသလို မီးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲလောင်ကျွမ်းသွားသည်ကို တွေ့ရသည်။
လေယာဉ်ပျက်ကျမှုကြောင့် လမ်းမပေါ်တွင် နက်ရှိုင်းသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်အစိတ်အပိုင်းများနှင့် မီးလောင်နေသည့် အပျက်အစီးများသည် အနီးရှိ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများအနီးအထိ ပြန့်ကျဲသွားခဲ့သည်။ လေယာဉ်သည် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များကို သီသီလေးရှောင်တိမ်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က အဆိုပါလေယာဉ်ပျက်ကျမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ဒုံးကျည်တစ်စင်း မြေပြင်သို့ ထိုးဆင်းလာသကဲ့သို့ မြင်တွေ့ခဲ့ရသည်” ဟု မှတ်ချက်ပြုခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံအတွင်း ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လေကြောင်းမတော်တဆမှုများအနက် သေဆုံးမှုအများဆုံး ဒုတိယမြောက်ဖြစ်စဉ်အဖြစ် အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံရေးဘုတ်အဖွဲ့ (NTSB) ၏ မှတ်တမ်းများအရ သိရသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
CNN news
