Logo
Thursday, May 14, 2026
Back to Home
Health

နွေရာသီတွင် အပူရှပ်ခြင်း ဖြစ်ပွားနိုင်မှု မြင့်တက်

By AdminApril 15, 2026
နွေရာသီတွင် အပူရှပ်ခြင်း ဖြစ်ပွားနိုင်မှု မြင့်တက်

နွေရာသီအပူချိန်များ တိုးမြင့်လာမှုနှင့်အတူ “အပူရှပ်ခြင်း” (Heatstroke) ဖြစ်ပွားနိုင်မှု မြင့်တက်လာနေကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားပါတယ်။ အပူရှပ်ခြင်းသည် ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိနိုင်မှု ချို့ယွင်းသွားပြီး ကိုယ်အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိသောအခြေအနေတစ်ခုဖြစ်ပါတယ်။
အဆိုပါရောဂါသည် နေပူပြင်းသောအချိန်များတွင် ကြာရှည်နေထိုင်ခြင်းနှင့် ရေဓာတ်မလုံလောက်ခြင်းတို့ကြောင့် အများဆုံး ဖြစ်ပွားတတ်ပြီး ခေါင်းမူးခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အသိပညာချို့ယွင်းခြင်းတို့ကို တွေ့ရှိနိုင်ပါတယ်။ လက္ခဏာပြင်းထန်လာပါက အသက်အန္တရာယ်ထိ ရောက်ရှိနိုင်ကြောင်းလည်း သိရပါတယ်။
ကျန်းမာရေးပညာရှင်များက ပြည်သူများအနေဖြင့် နေပူပြင်းသောအချိန်များတွင် ပြင်ပလှုပ်ရှားမှုများ လျှော့ချပြီး ရေဓာတ်လုံလောက်စွာ သောက်သုံးရန်၊ ထီး သို့မဟုတ် ဦးထုပ် အသုံးပြုရန်နှင့် ပေါ့ပါးသော အဝတ်အစားများ ဝတ်ဆင်ရန် အကြံပြုထားပါတယ်။ ထို့အပြင် နေပူထဲတွင် ကြာရှည်မနေခြင်း၊ ရေမသောက်ဘဲ မလှုပ်ရှားခြင်းနှင့် အရက်၊ ကော်ဖီကဲ့သို့သော ရေဓာတ်လျော့နည်းစေသော အချိုရည်များ မသောက်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
အပူရှပ်ခြင်း ဖြစ်ပွားလာပါက လူနာကို အပူရှိရာနေရာမှ ချက်ချင်းဖယ်ရှားပြီး အေးမြသောနေရာသို့ ရွှေ့ရန်၊ ကိုယ်ခန္ဓာကို အေးစေရန် ရေအေးဖြင့် ပွတ်တိုက်ရန်နှင့် ရေ သို့မဟုတ် အာဟာရရည် (ORS) ပေးသောက်စေရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်။ လက္ခဏာများ မသက်သာပါက ဆေးရုံသို့ ချက်ချင်းပို့ဆောင်ရန် အရေးကြီးကြောင်းလည်း သိရပါတယ်။
ထို့အပြင် ကလေးငယ်များ၊ အသက်ကြီးသူများနှင့် နာတာရှည်ရောဂါရှိသူများသည် အပူရှပ်ခြင်းကို ပိုမိုလွယ်ကူစွာ ခံစားရနိုင်သဖြင့် အထူးဂရုစိုက်စောင့်ရှောက်ရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။