ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် အိမ်စီးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယနေ့ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ရာမှတဆင့် မီးလောင်ကျွမ်းမှုအထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်သို့ တာမွေမြို့နယ်နှင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ အချိန်မီ သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ရွှေဂုံတိုင်ခုံးကျော်တံတား၏ အလယ်ပိုင်းခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အိမ်စီးကားသည် အခြားသော ယာဉ်များကို ဝင်ရောက်တိုက်မိပြီးနောက် မှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့ရသူများက ပြောကြားခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အောက်တွင်လည်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ယာဉ်သုံးစီးခန့် တိုက်မိခဲ့ပြီး တစ်စီးမှာ တိမ်းမှောက်ကာ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဝင်ရောက်မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း၌ စုံ/မ ယာဉ်နံပါတ်စနစ်ကို ပြောင်းလဲကျင့်သုံးပြီးနောက်ပိုင်း ကားလမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ သို့သော်လည်း လမ်းများရှင်းလင်းနေမှုကို အခွင့်ကောင်းယူကာ ယာဉ်မောင်းအချို့မှ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်၍ မဆင်မခြင် မောင်းနှင်လာကြသည့်အတွက် ယခုကဲ့သို့ ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွားလာရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ယာဉ်မောင်းအချို့က သုံးသပ်ပြောကြားထာပါတယ်။

