မုန်တိုင်းငယ် အနီရောင်အဆင့်သို့ ရောက်ရှိပြီး ဒေသအများအပြား မိုးကြီးလေပြင်းကျရောက်နိုင်
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာပြီး အားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မော်လမြိုင်မြို့၏ တောင်ဘက် ရေမိုင် ၅၀ ခန့်၊ သုံးခွမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ ခန့်နှင့် ပဲခူးမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံ မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သည့် အခြေအနေရှိသဖြင့် အနီရောင်အဆင့် သတ်မှတ်ထားသည်။
မုန်တိုင်းငယ်၏ တည်နေရာမှာ မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်ရှိကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်ခန့် ရှိသည်။
ခန့်မှန်းချက်များအရ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လာမည့် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမိုအားကောင်းလာနိုင်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး နောက်ထပ် ၃၆ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။
မုန်တိုင်းငယ်၏ သက်ရောက်မှုကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများ ရံဖန်ရံခါ ကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ ရှိနိုင်သည်။ အဆိုပါဒေသများတွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်သည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင်လည်း မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ ရှိနိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နှင့် ကမ်းရိုးတန်းဒေသများရှိ ပြည်သူများအနေဖြင့် မိုးလေဝသအခြေအနေများကို အထူးဂရုပြုစောင့်ကြည့်ပြီး သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ သင်္ဘောများအနေဖြင့်လည်း မုန်တိုင်းနှင့် ပင်လယ်ပြင်အခြေအနေများကို ကြိုတင်သတိပြု၍ လိုအပ်သလို ရှောင်ရှားသွားလာရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။
မိုးဇလ
