နေပြည်တော်တွင် ဝါးတင်ယာဉ် ချောက်ထဲကျ၍ ၁၆ ဦးခန့် လူသေဆုံးမှုဖြစ်ပွါးခဲ့

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေ–လွင်သာယာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မေ ၂ ရက် မွန်းလွဲပိုင်းတွင် ဝါးများတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများအနက် သေဆုံးသူ အနည်းဆုံး ၁၆ မှ ၁၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦးမှ ၂၉ ဦးအထိရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ သတင်းရင်းမြစ်များမှ ဖော်ပြထားသည်။ ဒဏ်ရာမရရှိသူအချို့လည်းရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁,၀၀၀) နှင့် တောင်ညိုတိုက်နယ်ဆေးရုံတို့သို့ ပရဟိတယာဉ်များဖြင့် အရေးပေါ်ပို့ဆောင်ကုသပေးခဲ့သည်။ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများသည် မိုးစွေ၊ တောင်ညိုကျေးရွာအုပ်စုများမှ ဒေသခံ ဝါးခုတ်လုပ်သားများဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက “တောင်ပေါ်လမ်းမှာ ဝိတ်များတဲ့ ဝါးတွေတင်ပြီး အရှိန်တင်မောင်းလာတာကြောင့် ကားက အကွေ့မှာ မထိန်းနိုင်ဘဲ မြေကျွံပြီး ချောက်ထဲကျသွားတာပါ” ဟု ပြောကြားသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် နေပြည်တော်ကောင်စီတာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက ဆေးရုံသို့ သွားရောက်ကြည့်ရှုကာ ဒဏ်ရာရသူများနှင့် သေဆုံးသူမိသားစုဝင်များအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
