အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေဆဲဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ ထွက်ခွာ

အီရန်နှင့် အမေရိကန်တို့အကြား ဟော်မုဇ်ရေလက်ကြား တင်းမာမှုများ လျှော့ချရန် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေကြောင်း ဧပြီလ ၂၆ ရက် သတင်းများအရ သိရှိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araghchi) သည် ပါကစ္စတန် ခရီးစဉ်အပြီးတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် မော်စကိုမြို့သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က "ဘာမှမဟုတ်တာတွေကို ထိုင်ပြောနေစရာ အကြောင်းမရှိဘူး" ဟု ဆိုကာ ၎င်း၏ ကိုယ်စားလှယ်များကို ဆွေးနွေးပွဲသို့ မလွှတ်ရန် ညွှန်ကြားခဲ့ပြီးနောက် တင်းမာမှုများ ပိုမို မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံက ယူအေအီး (UAE) နိုင်ငံသို့ Iron Dome လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ပထမဆုံးအကြိမ် ပို့ဆောင် တပ်ဆင်ပေးခဲ့ရာ ဒေသတွင်း စစ်ရေးအင်အားစုများအကြား အားပြိုင်မှုမှာ ပိုမို ရှုပ်ထွေးလာလျက် ရှိသည်။
