အယ်လ်နီညိုကြောင့် ကယ်လီဖိုးနီးယားကမ်းရိုးတန်းတွင် ထူးခြားသော ပင်လယ်သတ္တဝါများ ပေါ်ထွက်လာ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့် ပင်လယ်ရေ ပူနွေးလာပြီး အပူပိုင်းဒေသတွင် တွေ့ရလေ့ရှိသော အဏ္ဏဝါသတ္တဝါများ ကမ်းရိုးတန်းသို့ ရောက်ရှိလာကြသည်။ ယခုနှစ်တွင် ရှည်လျားသောအမြီးရှိ ဘစ်ဂျိုင်းငါးတစ်မျိုးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သလို ပင်လယ်လိပ်များလည်း ကယ်လီဖိုးနီးယားကမ်းခြေများတွင် ပထမဆုံးအကြိမ် ဥလာချခဲ့ကြသည်။
ထို့အပြင် အဆိပ်ပြင်းသော အဝါရောင်ဝမ်းဗိုက်ရှိ ပင်လယ်မြွေ၊ ဝေလငါးမန်း၊ တူနှာခေါင်းမန်း၊ ပျံသန်းနိုင်သောငါးနှင့် မန်တာငါးများကိုလည်း တွေ့ရှိခဲ့ရသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပူနွေးသောပင်လယ်ရေများကို မြောက်ဘက်သို့ ရွေ့လျားစေသဖြင့် အပူပိုင်းဒေသရှိ ရေနေသတ္တဝါများ ပုံမှန်ထက် ပိုမိုဝေးလံသောဒေသများသို့ ရောက်ရှိလာခြင်းဖြစ်သည်။
လောင်ဘိချ်မြို့ရှိ Aquarium of the Pacific ငါးပြတိုက်မှ တာဝန်ရှိသူ နိတ် ဂျာရို့စ်က ယခုကဲ့သို့ ထူးခြားသော အဏ္ဏဝါသတ္တဝါများ ပေါ်ထွက်လာမှုအပေါ် လူအများ စိတ်ဝင်စားနေကြပြီး ငါးဖမ်းသမားများလည်း ဝမ်းသာနေကြကြောင်း ပြောကြားခဲ့သည်။
အယ်လ်နီညိုဖြစ်စဉ်သည် ငါးဖမ်းလုပ်ငန်းအတွက်လည်း အကျိုးဖြစ်ထွန်းစေခဲ့သည်။ Dana Wharf Sportfishing & Whale Watching လုပ်ငန်း၏ ပူးတွဲပိုင်ရှင် ဒွန်နာ ကေးလက်ဇ်၏ အဆိုအရ ယခုနှစ်အတွင်း အဝါရောင်တောင်ပံတူနာငါး ကောင်ရေ ၅,၀၀၀ ခန့် ဖမ်းမိခဲ့ပြီး ယမန်နှစ်က ၂ ကောင်သာ ဖမ်းမိခဲ့သည်။ ဝါဟူးငါးနှင့် ဒိုရာဒိုငါးများကိုလည်း ပိုမိုဖမ်းဆီးရမိခဲ့သည်။
သို့သော် ပင်လယ်ရေပူနွေးလာမှုကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းခြေများတွင် လှိုင်းကြီးခြင်း၊ သဲများတိုက်စားခံရခြင်းနှင့် အိမ်များပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းတွင် ဟာရီကိန်းမုန်တိုင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သဖြင့် ပြည်နယ်အာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေညာထားသည်။
ပညာရှင်များက အယ်လ်နီညိုဖြစ်စဉ် အဆုံးသတ်သွားပါက ပင်လယ်အခြေအနေများ ပုံမှန်ပြန်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသော်လည်း အေးမြသောပင်လယ်ရေတွင် ရှင်သန်သည့် ကယ်လ်ပ်ရေမှော်များ ထိခိုက်နိုင်ကြောင်း သတိပေးထားသည်။ ယင်းရေမှော်များသည် အဏ္ဏဝါသတ္တဝါမျိုးစိတ်များစွာအတွက် နေထိုင်ရာဖြစ်သည်။
အလားတူ စက်တင်ဘာ ၁၁ ရက်ညက Crystal Cove State Beach တွင် ဂျက်ကီ အဂွီလာနှင့် မိသားစုက အဝါရောင်ဝမ်းဗိုက်ရှိ ပင်လယ်မြွေတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ယင်းမျိုးစိတ်ကို ထိုဒေသတွင် ဆယ်စုနှစ်တစ်ခုနီးပါး မတွေ့ခဲ့ရကြောင်း သိရသည်။ အဏ္ဏဝါသဘာဝပတ်ဝန်းကျင်ပညာရှင် ကပ္ပတိန် ချက်ဒ် စတက်ဖင်က အဆိုပါမြွေသည် လူကို သေဆုံးစေနိုင်လောက်သည့် အဆိပ်ရှိကြောင်း သတိပေးခဲ့သည်။
ပင်လယ်လိပ်များ ဥချထားသည့် နေရာနှစ်ခုကိုလည်း ခြံစည်းရိုးများဖြင့် ကာရံကာ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားပြီး ဥများပေါက်ဖွားသည့်ကာလတစ်လျှောက် စောင့်ကြည့်သွားမည်ဖြစ်သည်။ အယ်လ်နီညိုကြောင့် ထူးခြားသော အဏ္ဏဝါသတ္တဝါများကို မြင်တွေ့ခွင့်ရလာသော်လည်း ပင်လယ်ဂေဟစနစ်နှင့် ကမ်းရိုးတန်းဒေသများအပေါ် သက်ရောက်မှုများကိုလည်း ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသည်။
Reuters
