Logo
Monday, November 9, 2026
Back to Home
International News

စတုတ္ထအကြိမ် သမ္မတဖြစ်လာခဲ့တဲ့ ဘရာဇီးသမ္မတ

By Admin•October 27, 2026
စတုတ္ထအကြိမ် သမ္မတဖြစ်လာခဲ့တဲ့ ဘရာဇီးသမ္မတ

ဘရာဇီးသမ္မတ လူလာသည် လက်ယာစွန်းပြိုင်ဘက် ဖလာဗီယို ဘော်လ်ဆိုနာရိုကို အနိုင်ယူကာ စတုတ္ထအကြိမ် သမ္မတသက်တမ်းအတွက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် အသက် ၈၀ အရွယ် လူလာက မဲစုစုပေါင်း၏ ၅၁.၇၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဘော်လ်ဆိုနာရိုက ၄၈.၂၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ လူလာသည် ပြိုင်ဘက်ထက် မဲ ၄၄ သိန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ရွေးကောက်ပွဲအာဏာပိုင်များက လူလာ၏ အနိုင်ရမှုကို အတည်ပြုပြီးနောက် ဘော်လ်ဆိုနာရိုက ရှုံးနိမ့်မှုကို လက်မခံဘဲ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

864301903_1802691434208865_251427255677771780_n

အောက်တိုဘာလအစောပိုင်းက ကျင်းပခဲ့သည့် ပထမအကျော့တွင် လူလာသည် ဘော်လ်ဆိုနာရိုကို အရေးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် ၁၉၈၀ ပြည့်လွန်နှစ်များ၌ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ပြီးနောက် ပထမအကျော့တွင် ရှုံးနိမ့်သူတစ်ဦးက ဒုတိယအကျော့၌ အနိုင်ရရှိခဲ့သည့် ပထမဆုံးဖြစ်ရပ်လည်း ဖြစ်လာခဲ့သည်။

လူလာ၏ အနိုင်ရလဒ် ထွက်ပေါ်လာပြီးနောက် ဆော်ပေါ်လိုမြို့ရှိ ထောက်ခံသူများက လမ်းများပေါ်တွင် စုဝေးအောင်ပွဲခံခဲ့ကြသည်။ လူလာကလည်း ထောက်ခံသူများကို မိန့်ခွန်းပြောကြားရာတွင် နိုင်ငံအုပ်ချုပ်ရေးပုံစံကို ပြောင်းလဲသွားမည်ဖြစ်ပြီး ယခုရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက် အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးကျန်းမာရေးဝန်ကြီး အလက်ဇန်းဒါး ပါဒီလာက ယခုရလဒ်သည် ပြည်သူများအတွက် ကြီးမားသည့်အောင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသားကျန်းမာရေးစနစ်၊ ပညာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေးတို့အပေါ် လူလာ၏ ရပ်တည်ချက်ကို ပြည်သူများက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခုအောင်ပွဲသည် လက်တင်အမေရိကဒေသနှင့် ကမ္ဘာတစ်ဝန်းအတွက်ပါ အရေးပါသည့် သတင်းစကားတစ်ရပ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

865728211_1146055617862571_993760187888793744_n

လူလာ အနိုင်ရရှိရေးတွင် ထောက်ခံသူများ မဲလာပေးနိုင်ရန် စည်းရုံးနိုင်ခဲ့ခြင်းက အရေးပါခဲ့သည်။ ပထမအကျော့တွင် မဲလာမပေးသူနှုန်း ၂၁.၀၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒုတိယအကျော့တွင် ၁၉.၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ လူလာ၏ ထောက်ခံသူအများစုသည် မဲရုံများနှင့် ဝေးလံသည့်နေရာများတွင် နေထိုင်ကြသဖြင့် ပထမအကျော့တွင် မဲလာမပေးသူ များပြားခဲ့ခြင်းက ၎င်းအတွက် အခက်အခဲဖြစ်ခဲ့သည်။

တစ်ဖက်တွင် ဘော်လ်ဆိုနာရိုက ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ ဥပဒေရေးရာအဖွဲ့က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

#သုတမြေ #နိုင်ငံတကာ #ရွေးကောက်ပွဲ #သတင်းစုံ