ကိုရင်ငယ်အား ပြင်းထန်စွာ ရို က်နှက်မှု – အရေးယူမှုအတွက် ခံဝန်စာရေးထိုးစေရန် စီစဉ်

မြိတ်မြို့၊ တောရကျောင်း၊ကျွဲကူးရွာ တွင် ကိုရင်ငယ်တစ်ပါးအား ပြင်းထန်စွာ ရို က်နှက်နေသည့် ဦးပဉ္စင်းတစ်ပါးနှင့် ပတ်သက်၍ သာသနာရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးပြီး ခံဝန်စာရေးထိုးစေရန် စီစဉ်လျက်ရှိကြောင်း ဒေသခံ သာသနာရေးအသိုင်းအဝိုင်းထံမှ သိရပါတယ်။
အဆိုပါ ဖြစ်ရပ်နှင့် ဆက်စပ်သော ရုပ်သံမှတ်တမ်းတစ်ခုမှာ ဧပြီလ ၂၁ ရက်နေ့တွင် လူမှုကွန်ရက်များပေါ်သို့ ပျံ့နှံ့လာခဲ့ပြီး ပြည်သူများအကြား ပြင်းထန်သော ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ထိုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူဆောင်ရွက်ရန် စတင်လှုပ်ရှားလာခြင်းဖြစ်ပါတယ်။
စုံစမ်းချက်များအရ ရိုက်နှက်မှု ကျူးလွန်သူမှာ မြိတ်မြို့ ကျောက်ဖြူတောင်ရှိ ပဋိပတ္တိတောရကျောင်းတွင် သီတင်းသုံးနေသည့် ဦးတေဇ ဖြစ်ကြောင်း သိရှိရပါတယ်။ ယနေ့ မွန်းလွဲပိုင်းတွင် မူလဒွါရဂိုဏ်းအုပ်နှင့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌတို့၏ ကျောင်းသို့ ခေါ်ယူ၍ ဆုံးမညှိနှိုင်းကာ ခံဝန်စာရေးထိုးစေရန် စီစဉ်ထားကြောင်း မြို့နယ် သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “ဓမ္မနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေပြီး အမှုဖွင့် အရေးယူမည် မည်သို့ဖြစ်မည်ကို မသေချာသေးပါ။ လူဝတ်လဲစေခြင်းကိုလည်း ယခုအချိန်ထိ မပြုလုပ်ရသေးပါ” ဟု သိရပါတယ်။
လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသော ရုပ်သံတွင် ဦးပဉ္စင်းတစ်ပါးက ကိုရင်ငယ်တစ်ပါးကို မြေပြင်ပေါ်သို့ ဆွဲချ၍ တုတ်ဖြင့် အကြိမ်များစွာ ရိုက်နှက်နေသည်ကို တွေ့မြင်ရပြီး ကိုရင်ငယ်မှာ နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးနေသည်ကိုလည်း မြင်တွေ့ရပါတယ်။
ယခင်က အချို့သော ဘုန်းကြီးကျောင်းများတွင် ကိုရင်ငယ်များအား အပြစ်ပေးရာတွင် ကြမ်းတိုက်ခိုင်းခြင်း၊ အိမ်သာသန့်ရှင်းရေး လုပ်ခိုင်းခြင်းကဲ့သို့ သင်ခန်းစာပေးသည့် နည်းလမ်းများကို အသုံးပြုလေ့ရှိကြသော်လည်း ယခုဖြစ်စဉ်တွင် မြင်တွေ့ရသည့်အတိုင်း အလွန်အကျွံ အကြမ်းဖက်မှု ပါဝင်နေခြင်းကြောင့် လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်သံများ တိုးမြင့်လာနေပါတယ်။
#သာသနာ #ရိုက်နှက် #သုတမြေ #သုတရသ #သတင်းစုံ

