ဒေါ်နယ်ထရမ့်၏ပုံပါ အမေရိကန်ဒေါ်လာ ၁ တန် အထိမ်းအမှတ်ဒင်္ဂါး ထုတ်ဝေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်ပုံပါဝင်သည့် ဒေါ်လာ ၁ တန် အထိမ်းအမှတ်ဒင်္ဂါးကို အမေရိကန်ငွေကြေးဌာန (U.S. Mint) က အမေရိကန်နိုင်ငံ၏ ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂ ရက်တွင် စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။
ဒင်္ဂါး၏တစ်ဖက်တွင် ထရမ့်၏မျက်နှာပုံနှင့်အတူ “Liberty”၊ “In God We Trust” နှင့် “1776-2026” ဟူသော စာသားများ ထည့်သွင်းထားပြီး၊ အခြားတစ်ဖက်တွင် သံလွင်ခက်နှင့် မြှားများကို ကိုင်ဆောင်ထားသည့် လင်းယုန်ပုံနှင့် “E Pluribus Unum” ဟူသော စာသားကို ဖော်ပြထားသည်။
အမေရိကန်ဥပဒေအရ အသက်ရှင်နေဆဲ သမ္မတများ၏ ရုပ်ပုံကို အမေရိကန်ငွေကြေးပေါ်တွင် ထည့်သွင်းအသုံးပြုခြင်းကို ကန့်သတ်ထားသော်လည်း နိုင်ငံတည်ထောင်ခြင်း ၂၅၀ ပြည့် အထိမ်းအမှတ်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေပါ ဒီဇိုင်းဆိုင်ရာ ခွင့်ပြုချက်ကို အသုံးပြု၍ ယခုဒင်္ဂါးကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒင်္ဂါးများကို နေ့စဉ်ငွေပေးချေမှုများအတွက် ပုံမှန်လည်ပတ်သုံးစွဲမည့် ငွေကြေးအဖြစ်မဟုတ်ဘဲ စုဆောင်းသူများအတွက် အထိမ်းအမှတ်ပစ္စည်းအဖြစ် ရောင်းချနေခြင်းဖြစ်သည်။ ဒင်္ဂါး ၂၅ ပြားပါ တစ်လိပ်လျှင် အမေရိကန်ဒေါ်လာ ၆၁ နှင့် ၁၀၀ ပြားပါအိတ်တစ်အိတ်လျှင် ဒေါ်လာ ၁၅၄ ဒသမ ၅၀ ဖြင့် ရောင်းချခဲ့ပြီး ရောင်းချပြီး နာရီပိုင်းအတွင်း U.S. Mint ၏ ဝက်ဘ်ဆိုက်တွင် လက်ကျန်မရှိတော့သော်လည်း ထပ်မံထုတ်လုပ်ပေးမည်ဟု ဖော်ပြထားသည်။
ရွှေရောင်အသွင်အပြင်ရှိသော်လည်း ဒင်္ဂါးတွင် ရွှေစစ်စစ် ပါဝင်ခြင်းမရှိဘဲ ကြေးနီ ၈၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကျန်အပိုင်းတွင် ဇင့်၊ နီကယ်နှင့် မန်းဂနီးစ်ကြေးနီအလွှာတို့ဖြင့် ပြုလုပ်ထားကြောင်း U.S. Mint က ဆိုသည်။
ပုံမှန်လည်ပတ်သုံးစွဲရန် မထုတ်ထားသော်လည်း အဆိုပါဒင်္ဂါးများသည် အမေရိကန်နိုင်ငံအတွင်း တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခံထားရသဖြင့် အကြွေးများနှင့် အခွန်များ ပေးဆောင်ရာတွင် အသုံးပြုနိုင်သည်။ သို့သော် ဖက်ဒရယ်ဥပဒေအရ လုပ်ငန်းများအနေဖြင့် ယင်းဒင်္ဂါးများကို လက်ခံမလက်ခံကို မိမိတို့ဆုံးဖြတ်နိုင်ကြောင်း သိရသည်။
U.S. Mint က ယခုဒီဇိုင်းသည် အမေရိကန်နိုင်ငံ၏ သမိုင်းဝင် အမျိုးသားရေးအထိမ်းအမှတ်တစ်ရပ်ကို ဂုဏ်ပြုရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ခေတ်သစ်ဒင်္ဂါးစုဆောင်းသူများအတွက် ထူးခြားသည့် အထိမ်းအမှတ်ပစ္စည်းတစ်ခု ဖြစ်လာမည်ဟု ပြောကြားထားသည်။
ထရမ့်၏ရုပ်ပုံပါ ဒင်္ဂါးထုတ်ဝေမှုသည် သမ္မတတစ်ဦး၏ ကိုယ်ပိုင်အမှတ်အသားကို အမေရိကန်အစိုးရ၏ အမျိုးသားရေးအဖွဲ့အစည်းများနှင့် သင်္ကေတများအတွင်း ထည့်သွင်းလာသည့် နောက်ဆုံးလုပ်ဆောင်ချက်တစ်ရပ်အဖြစ်လည်း ထင်ရှားလာခဲ့သည်။
