ဆင်မကြီး မိုမို၏ ၇၃ နှစ်ပြည့်မွေးနေ့ပွဲတော်ကို ၄ ရက်ကြာ ကျင်းပမည်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ လူသိများထင်ရှားသည့် ဆင်မကြီး မိုမို၏ ၇၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် “အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီး” ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွေးနေ့ပွဲတော်အတွင်း ရှမ်းရိုးရာအကအလှများ၊ ပျော်စရာဂိမ်းအစီအစဉ်များ၊ ဆုလက်ဆောင်ပေးအပ်ခြင်းနှင့် တေးဂီတဖျော်ဖြေပွဲများအပြင် ဒေသထွက်အစားအစာများကိုလည်း ထည့်သွင်းစီစဉ်ထားကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ထုတ်ပြန်ထားသည်။
အဆိုပါပွဲတော်ကို မိုမိုအား ချစ်ခင်သူများ၊ ဆင်များကို စိတ်ဝင်စားသူများနှင့် မိသားစုလိုက် အပန်းဖြေလိုသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လာရောက်လည်ပတ်ကြရန်လည်း ဖိတ်ခေါ်ထားသည်။
ဆင်မကြီး မိုမိုကို ၁၉၅၃ ခုနှစ်တွင် ကရင်နီနယ် လွိုင်ကော်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းအား ထိန်းသိမ်းစောင့်ရှောက်ခဲ့သူ ဦးခွန်ဆန္ဒက ဇနီးဖြစ်သူ၏အမည်ကို အစွဲပြု၍ မိုမိုဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ရာမှ ကလေးလူကြီးမရွေး ချစ်ခင်အားပေးသည့် ဆင်မကြီးတစ်ကောင်အဖြစ် လူသိများလာခဲ့သည်။
သတင်းနှင့်ပုံ - YZG
