ယူအေအီးကမ်းရိုးတန်းအနီး ရေနံယိုဖိတ်မှုကြောင့် ကမ်းခြေများ ပိတ်ထားရ
ယူအေအီးနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းအနီး ပျက်စီးနေသည့် ရေနံတင်သင်္ဘောတစ်စင်းမှ ဆီယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ဆီညစ်ကွက်များ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ပျံ့နှံ့လာသဖြင့် ကမ်းခြေများကို ယာယီပိတ်ထားကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ Copernicus ဂြိုဟ်တုစနစ်မှ အောက်တိုဘာ ၂၄ ရက်တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုပုံရိပ်များအရ ဆီညစ်ကွက်များသည် မကြာသေးမီရက်များအတွင်း ပိုမိုကျယ်ပြန့်လာပြီး ယူအေအီးနိုင်ငံမြောက်ပိုင်း Umm Al Quwain ကမ်းရိုးတန်းအနီးအထိ ရောက်ရှိလာသည်ကို တွေ့ရသည်။
အောက်တိုဘာ ၂၃ ရက်တွင် ယူအေအီးအာဏာပိုင်များက ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံတင်သင်္ဘောမှ ဆီထပ်မံယိုစိမ့်မှုမဖြစ်စေရန် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကလည်း ယိုဖိတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို စစ်ဆေးအကဲဖြတ်နေသည်။
သို့သော် ဆီယိုဖိတ်မှုဖြစ်ပွားခဲ့သည့် သင်္ဘောအမည်နှင့် ယိုဖိတ်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက ထုတ်ပြန်ခြင်းမရှိသေးပေ။ Copernicus စနစ်၏ Sentinel-2 ဂြိုဟ်တုပုံရိပ်များတွင် သင်္ဘောမှ ဆီပမာဏအများအပြား ပင်လယ်ထဲသို့ ယိုဖိတ်ခဲ့သည်ကို တွေ့ရသည်။
ဆီထပ်မံယိုဖိတ်နိုင်သည့် အန္တရာယ်ကြောင့် ယူအေအီးနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်အချို့တွင် ကမ်းရိုးတန်းသို့ အများပြည်သူ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားသည်။
Umm Al Quwain မြို့တစ်ဝိုက်ရှိ ကမ်းခြေများနှင့် ကမ်းရိုးတန်းဒေသအားလုံးကို ယာယီပိတ်ထားကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့ပြီး အိမ်နီးချင်း Sharjah ပြည်နယ်ရှိ Al Hamriyah ကမ်းခြေကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ထားသည်။
ထို့အပြင် ကမ်းခြေများနှင့် ဇိမ်ခံအပန်းဖြေစခန်းများကြောင့် လူသိများသည့် Ras Al Khaimah ပြည်နယ်တွင်လည်း အောက်တိုဘာ ၂၄ ရက်မှစ၍ ကမ်းခြေအားလုံးကို နောက်ထပ်ကြေညာချက်မထုတ်ပြန်မချင်း ပိတ်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ ဆီယိုဖိတ်မှုသည် ငါးမျိုးစိတ်များ၊ အဏ္ဏဝါအပင်များနှင့် သန္တာကျောက်တန်းများ အပါအဝင် ရေနေသတ္တဝါမျိုးစုံ နေထိုင်ရာ ယူအေအီး၏ အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်စေနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေသည်။
ယခုဖြစ်စဉ်သည် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ပဋိပက္ခများကြောင့် ပင်လယ်ကွေ့ဒေသအတွင်း ရေကြောင်းသွားလာမှု အန္တရာယ်များ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုများကြောင့်လည်း ပဋိပက္ခ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။
ဝါရှင်တန်အခြေစိုက် Near East Policy ဆိုင်ရာ ဝါရှင်တန်အင်စတီကျု၏ အချက်အလက်များအရ ဟော်မုဇ်ရေလက်ကြားနှင့် အနီးဝန်းကျင် ရေလမ်းကြောင်းများတွင် ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုသည် မှတ်တမ်းကောက်ယူထားသည့် ကာလအတွင်း အောက်တိုဘာလ၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
Reuters
