မုတ်သုံလေ အားကောင်းနေ၍ တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာမည်၊ နေရာကွက်၍ မိုးကြီးနိုင်
ဇွန် ၁၃ ရက် နံနက်ပိုင်း ထုတ်ပြန်ထားသည့် မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားကောင်းနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်အရ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ကျန်ဒေသအများစုတွင်လည်း မိုးရွာနိုင်ခြေ မြင့်မားနေကြောင်း ဖော်ပြထားသည်။ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ချင်းနှင့် ရှမ်းမြောက်ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး စစ်ကိုင်းအောက်ပိုင်းနှင့် ကယားဒေသတို့တွင် နေရာကျဲကျဲ မိုးရွာမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ မွန်နှင့် ရခိုင်ဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး ယင်းဒေသများ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်ကြောင်း သိရသည်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည်။
လာမည့် နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ဒေသများတွင် မိုးဆက်လက်ရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။
မြို့ကြီးများအနက် နေပြည်တော်တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်တွင် မိုးအသင့်အတင့် ရွာမည်ဖြစ်ကာ မန္တလေးတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#မိုးလေဝသ #သုတမြေ #သတင်းထူးသတင်းဦး
See less
