Logo
Sunday, November 8, 2026
Back to Home
Weather News

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်

By Admin•October 30, 2026
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်

အောက်တိုဘာ ၃၀ ရက်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မိုးလေဝသအခြေအနေ ပြောင်းလဲလာနိုင်ပြီး လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

အောက်တိုဘာ ၃၀ ရက် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၁၂ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး အောက်တိုဘာ ၃၁ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတို့၌ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ထို့နောက် နိုဝင်ဘာ ၂ ရက်တွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် အဆိုပါဒေသများ၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေအနေဖြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၆ ပေမှ ၈ ပေအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

လာမည့်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်သည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မြို့သုံးမြို့စလုံးတွင် မိုးရွာနိုင်ခြေ ၈၀ ရာခိုင်နှုန်းစီ ရှိကြောင်း သိရသည်။

လက်ရှိမိုးလေဝသအခြေအနေများအရ ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ပြင်တွင် သွားလာလုပ်ကိုင်နေသူများ၊ ငါးဖမ်းရေလုပ်သားများအနေဖြင့် လှိုင်းကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကို အထူးသတိပြုရန် လိုအပ်ပြီး မိုးတိမ်တောင်ဖြစ်ထွန်းနိုင်သည့် ဒေသများတွင်လည်း မိုးကြိုးနှင့် လေပြင်းအန္တရာယ်များကို ကြိုတင်သတိပြုကြရန် လိုအပ်ကြောင်း သိရသည်။

မိုးဇလ

#သုတမြေ #သတင်းထူးသတင်းဦး #မိုးလေဝသ